CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

အွန်နရီက လူကာကူကို ချယ်လ်ဆီးအသင်းထံ မပြောင်းရွှေ့ခင်တုန်းက သတိပေးမှုတွေ ပြုလုပ်ခဲ့သလို အခုအချိန်မှာတော့ ကစားသမားဟာ စတမ်းဖို့ဒ်ဘရစ်ချ်ထံ ပြန်လာဖို့ စိတ်ဝင်စားမှု မရှိတော့ဘူးလို့ ပြောလိုက်ပါတယ်။

အွန်နရီက “လူကာကူ ချယ်လ်ဆီး အသင်းထံ သွားဖို့ လုပ်တုန်းက ကျနော်တို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ချယ်လ်ဆီးအသင်းမှာ ကစားရတာ ခက်ခဲလိမ့်မယ်ဆိုပြီး ကျနော်သူ့ကို ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် တူချယ်လ်သွားချင်တဲ့ ကစားပုံကြောင့်ပါ။ လူကာကူဟာ တူချယ်လ် လိုချင်တဲ့ နံပါတ် ၉ ကစားသမားနဲ့ ကွဲပြား ခြားနားမှု ရှိပါတယ်”လို့ CBS Sports ကို ပြောခဲ့ပါတယ်။

လူကာကူဟာ ၂၀၂၁ နွေရာသီက အင်တာမီလန် အသင်းကနေ ပေါင် ၉၇.၅ သန်းနဲ့ ချယ်လ်ဆီးအသင်းထံ ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး ၄၄ ပွဲ ပါဝင်ကစားကာ ၁၅ ဂိုး သွင်းယူနိုင်ခဲ့တာနဲ့အတူ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

လူကာကူဟာ ချယ်လ်ဆီးအသင်းကို ရောက်ရောက်ချင်းမှာ ခြေစွမ်းပြသနိုင်ပေမယ့် နောက်ပိုင်းမှာ ကိုဗစ်ကူးစက်မှုဒဏ်ရာတွေကြောင့် ပုံစံကောင်း ပျောက်ခဲ့ပြီး နည်းပြ တူချယ်လ်နဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာပါ။

အဲဒါကြောင့် ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးကနေ ထွက်ခွာခွင့်တောင်းပြီး အင်တာမီလန် အသင်းထံ အငှားနဲ့ ပြန်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အွန်နရီဟာ ဘယ်လ်ဂျီယံအသင်းမှာ လက်ထောက်နည်းပြအဖြစ်လုပ်ကိုင်ခဲ့တာကြောင့် လူကာကူနဲ့ အတူတူအလုပ်လုပ်ကိုင်ခဲ့ဖူးပါတယ်။ အာဆင်နယ်ဂန္တဝင်ကစားသမားက လူကာကူ အနေနဲ့ တူချယ်လ်လက်အောက်မှာ ခက်ခဲမယ်ဆိုပြီး ပြောခဲ့ပေမယ့် ကစားသမားက ချယ်လ်ဆီးအသင်းထံ ပြောင်းခဲ့တာ ဖြစ်ပါတယ်။

လူကာကူကိုတွေ့ရစဉ်

အခု တူချယ်လ်နေရာမှာ ဂရေဟမ်ပေါ်တာက ချယ်လ်ဆီး နည်းပြအဖြစ် ရှိနေတာကြောင့် လူကာကူ လန်ဒန် ကလပ်ထံ ပြန်လာနိုင်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အွန်နရီက “ကျနော်ကတော့ လူကာကူ ချယ်လ်ဆီးအသင်းထံ ပြန်သွားမယ်လို့ မထင်ပါဘူး။ သူဟာ အင်တာမီလန် မှာပဲ ဆက်နေချင်တယ်လို့ ထင်ပါတယ်။ သူက ဆက်နေချင်တဲ့အတွက် ချယ်လ်ဆီးဘက်က ပြန်လိုချင်တယ် ဆိုရင်တော့အနည်းငယ် ပြဿနာတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် သူ အင်တာမီလန်မှာပဲ ဆက်ရှိနေချင်တယ် ဆိုတာ အားလုံးသိပါတယ်”လို့ ပြောပါတယ်။

လူကာကူဟာ ပေါ်တိုအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ အင်တာမီလန် အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

လူကာကူကတော့ သူဟာ အခုအချိန်မှာ အနာဂတ်ကို မကြည့်ချင်သေးဘူးလို့ ပြောပါတယ်။

လူကာကူက “ကျနော် ကိုယ့်ကိုယ်ကိုနဲ့ လက်ရှိကိုပဲ အာရုံစိုက်နေပါတယ်။ အနာဂတ်ကို မကြည့်ချင်သေးပါဘူး၊ အဓိပ္ပါယ် မရှိလို့ပါ။ ဘောလုံးဆိုတာ လက်ရှိပါ၊ ဒါက အရေးကြီးဆုံး အရာပါ။ လာမယ့် ပွဲစဉ်အတွက် ပြင်ဆင်ပြီး အကောင်းဆုံး လုပ်ပြချင်ပါတယ်”လို့ ချန်ပီယံလိဂ် ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: Metro