CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

စပိန်အသင်းဝါရင့်နောက်ခံလူ ရာမို့စ်က သူ့ကို နည်းပြသစ် ဖူအန်တီက ရွေးချယ်မှာမဟုတ်ဘူးလို့ ပြောခဲ့ပြီးနောက် လက်ရွေးစင်အသင်းကနေ အနားယူပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

ရာမို့စ်က “အနားယူမယ့်အချိန် ရောက်လာပါပြီ။ကျနော်တို့ ချစ်ရပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ နိုင်ငံအသင်းကို နှုတ်ဆက်ရမယ့်အချိန်ပါပဲ။ စပိန်လက်ရွေးစင်အသင်းနဲ့ ရရှိခဲ့တဲ့ အောင်မြင်မှုအားလုံးနဲ့အညီ ကျနော့်ရဲ့ ပါးစပ်ထဲ မှာ ပိုမိုကောင်းမွန်တဲ့အရသာနဲ့ အဆုံးသတ်မှာပါ။ဒါက ဒီထက်ပိုပြီး ချဲ့ထွင်နိုင်ဖို့ မျှော်လင့်ထားတဲ့ လမ်းရဲ့အဆုံးသတ်ပါပဲ။ဒီမနက်ပိုင်းက လက်ရှိနည်းပြက သူ့ရဲ့အစီအစဉ်ထဲမှာ ကျနော်မပါဝင်ဘူးဆိုတဲ့အကြောင်းကို အကြောင်းကြားတဲ့ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ပါတယ်” လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားထားတာပါ။

ရာမို့စ်ဟာ စပိန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၈၀ ပါဝင်ကစားထားပြီး လက်ရွေးစင်အသင်းရဲ့ ပွဲ အများဆုံးကစားထားတဲ့ ကစားသမားလည်းဖြစ်ပါတယ်။သူဟာ ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက စပိန်အသင်းမှာ ပါဝင်ကစားခွင့်မရတော့ဘဲ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား လူစာရင်းမှာလည်း ချန်လှပ်ခြင်းခံခဲ့ရတာပါ။ရာမို့စ်ဟာ အင်းနရစ်နေရာအစား ဝင်ရောက်လာတဲ့ ဖူအန်တီလက်ထက်မှာ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အခုအချိန်မှာတော့ အဆုံးသတ်သွားခဲ့ရတာ ဖြစ်ပါတယ်။

ရာမို့စ်က “ဒီခရီးဟာ ကျနော့်ရဲ့ရွေးချယ်မှုနဲ့ ပြီးဆုံးဖို့ ထိုက်တန်တယ်လို့ ရိုးသားစွာ ယုံကြည်သလို ဒါမှမဟုတ် ကျနော့်ရဲ့ စွမ်းဆောင်ရည်က ကျနော့်တို့နိုင်ငံအသင်းနဲ့ မထိုက်တန်တော့လို့လည်း ဖြစ်မှာပါ။ဒါဟာ အသက်အရွယ် နဲ့ တခြားအကြောင်းရင်းတွေကြောင့်တော့ မဟုတ်ပါဘူး။ကျနော်ဟာ မက်ဆီ၊မိုဒရစ်နဲ့ ပီပီတို့ကို လေးစားပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒါတွေက ကျနော့်အတွက်ဖြစ်မလာခဲ့ပါဘူး။ဘာကြောင့်လဲဆိုရင် ဘောလုံးဟာ အမြဲတမ်း မျှတမှုမရှိသလို၊ ဘောလုံးဟာ ဘယ်တော့မှ ဘောလုံးတစ်ခုတည်းအတွက် မဟုတ်လို့ပါ။ ဒီတံဆိပ်၊ဒီဂျာစီနဲ့ ပရိသတ်တွေအားလုံးက ကျနော့်ကို ပျော်ရွှင်စေပါတယ်။ကျနော့်ကို ယုံကြည်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ရေးသားခဲ့တာပါ။

ရာမို့စ်ဟာ စပိန်လက်ရွေးစင်အသင်းအတွက် အသက် ၁၈ နှစ်အရွယ် ၂၀၀၅ ခုနှစ်မှာ စတင်ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပြီး နောက်ဆုံးကစားခဲ့တာကတော့ ပြီးခဲ့တဲ့ ၂ နှစ်က ကိုဆိုဗိုနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်ပါတယ်။ရာမို့စ်ဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလား၊ ၂၀၀၈ နဲ့ ၂၀၁၂ ယူရိုချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source:BBC