CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဘာစီလိုနာအသင်းကို အနိုင်ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ နောက် တစ်ဆင့်တက်နိုင်ခဲ့ပြီးနောက် ဘာစီလိုနာကို အနိုင်ယူနိုင်ရင် ဘယ်အသင်းမဆို အနိုင်ယူနိုင်တယ်လို့ ပြောသွား ခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “တည်ဆောက်ဖို့အတွက် ဗျူဟာတစ်ခုလိုပေမယ့် ခိုင်မာတဲ့ ယုံကြည်ချက်ကို ရဖို့အတွက် ရလဒ်တွေလည်း လိုအပ်ပါတယ်။ဥရောပမှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ဘာစီလိုနာကို အနိုင်ယူတဲ့အခါ ယုံကြည်ချက်က ခိုင်ခိုင်မာမာရှိနိုင်လို့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်မယ်လို့ ထင်ပါတယ်။ ဒါဟာ ကြီးကျယ်ခမ်းနားတဲ့ ညတစ်ညပါ။လာလီဂါမှာ ရီးရယ်လ်ကို ၈ မှတ်ဖြတ်ထားတဲ့ ဘာစီလိုနာကို အနိုင်ရ ခဲ့တာက အလွန်ကောင်းပါတယ်။ရီးရယ်လ်အသင်းဆိုရင် လီဗာပူးလ်နဲ့ ကစားခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျနော်တို့ဟာ ကြီးကျယ်ခမ်းနားတဲ့ စွမ်းဆောင်ရည်ကို လုပ်ပြနိုင်ခဲ့ပါတယ်” လို့ ပြောခဲ့တာပါ။

ယူရိုပါလိဂ်ပလေးအောဖ့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ဘာစီလိုနာ အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ လီဝန်ဒေါစကီးက ဘာစီလိုနာအတွက် ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ယူနိုက်တက်အတွက် ဖရက်ဒ်က ချေပဂိုးသွင်းပြီး အန်တိုနီက အနိုင်ဂိုးသွင်းယူပေး ခဲ့တာပါ။ပထမအကျော့အဖြစ် ကစားခဲ့တုန်းက ၂ ဂိုးစီ သရေကျခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး- ၃ ဂိုးနဲ့ ယူနိုက်တက်အသင်း ယူရိုပါလိဂ် ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့မှာ ဒီဂီယာ၊ ဗာရန်း၊ မာတီးနတ်ဇ်၊ကတ်စမဲရိုး၊ဘရူနိုတို့နဲ့အတူ အသင်းမှာ အလွန် ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိပါတယ်။အဲဒါတွေကြောင့် ဒီလိုမျိုးနိုင်ပွဲတွေရယူနိုင်ခဲ့တာပါ။ လူတိုင်းဟာ ဒီအသင်းအပေါ် ခိုင်မာတဲ့ ယုံကြည်ချက်တွေရှိပြီး၊ အသင်းအတွက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ လူစားဝင်ကစားသမား တွေဆိုရင်လည်း စွမ်းအင်တွေ၊အရည်အသွေးတွေနဲ့ ကွဲပြားခြားနားတဲ့ တက်ကြွမှုတွေကို ယူဆောင်လာပါတယ်။ ဒါက ဒီတစ်ပွဲတည်းတင်မဟုတ်ပါဘူး” လို့ ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ယူနိုက်တက်အသင်းကို အရေးနိမ့်ပြီးနောက် အောက်တိုဘာလနောက်ပိုင်း ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပြီး ၁၈ ပွဲဆက် ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနည်းပြ ဇာဗီကတော့ လာမယ့်ရာသီမှာ ပိုပြီးသန်မာစွာနဲ့ ပြန်လာမယ်လို့ ပြောခဲ့တာပါ။

ဇာဗီက “ပြီးခဲ့တဲ့နှစ်က ကျနော်တို့ဟာ ဥရောပမှာ မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး။ဒီနှစ်မှာတော့ ဘိုင်ယန်မြူးနစ်၊ အင်တာ မီလန်တို့နဲ့ ယှဉ်ပြိုင်ခဲ့ရသလို ယူနိုက်တက်နဲ့လည်း ယှဉ်ပြိုင်ခဲ့ရပါတယ်။ကျနော်တို့ ပိုပြီး ကောင်းမွန်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ဒါပေမယ့် ကျနော်တို့ ကောင်းမွန်စွာလုပ်နိုင်ခဲ့ပြီး လာမယ့်ရာသီမှာ ပိုပြီးသန်မာစွာနဲ့ ပြန်လာ ခဲ့မယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ တနင်္ဂနွေနေ့မှာ ကာရာဘောင်းဖလားဗိုလ်လုပွဲအဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:ChannelNewsAsia