CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက သူဟာ မက်ဆီနဲ့ အမြဲတမ်း အဆက်အသွယ်ရှိပြီး အာဂျင်တီးနား ကစားသမား အနေနဲ့ အသင်းထံ ပြန်လာမယ်ဆိုရင် တံခါးဖွင့်ထားမယ်လို့ ပြောခဲ့ပါတယ်။

ဇာဗီက “ဘာစီလိုနာက သူ့အိမ် ဖြစ်တယ်ဆိုတာကို ကျနော် အမြဲတမ်းပြောပြီးပါပြီ။ သူ့အတွက်ဆို တံခါးဖွင့် ထားပါတယ်။ ပြီးတော့ သူကကျနော့်ရဲ့ သူငယ်ချင်းပါ။ ကျနော်တို့ အမြဲတမ်း အဆက်အသွယ် ရှိပါတယ်။ အနာဂတ်မှာ သူဘာလုပ်ချင်လဲဆိုတာက သူ့အပေါ်မှာပဲ မူတည်ပါတယ်။ ဘာစီလိုနာက သူ့အိမ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ သူက သမိုင်းရဲ့ အကောင်းဆုံး ဘောလုံးသမားဖြစ်တဲ့အတွက် အမြဲတမ်း အံဝင်နေမှာပါ”လို့ ပြောခဲ့တာပါ။

မက်ဆီဟာ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် စာချုပ်သစ်မချုပ်နိုင်ခဲ့ဘဲ ၂၀၂၁ မှာ ဘာစီလိုနာကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ၆၁ ပွဲ ပါဝင်ကစားထားကာ ဂိုး ပါဝင် ပတ်သက်မှု ၅၅ ဂိုးအထိ ရှိခဲ့တာပါ။

အခုရာသီ အကုန်မှာတော့ မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်အတွက် အခုထိ သဘောတူညီမှု မရရှိသေးပါဘူး။

 မက်ဆီကိုတွေ့ရစဉ်

ပီအက်စ်ဂျီအသင်းက မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေသလို ဘာစီလိုနာကလည်း ဒီအခြေအနေကို စောင့်ကြည့်နေပြီး အသင်းထံ ပြန်လည် ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတာပါ။

ဒါအပြင် မက်ဆီကို ခေါ်ယူဖို့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေ ပါတယ်။

မက်ဆီရဲ့ ဖခင်ဖြစ်သူကတော့ သူ့ရဲ့သားကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက ကမ်းလှမ်းမှု မရှိတာကြောင့် စပိန်ကလပ်ထံ ပြန်ဖို့ ဖြစ်နိုင်ဖွယ် မရှိဘူးလို့ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ပြောထားတာပါ။

မက်ဆီကတော့ အခုအချိန်ထိ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ပြောထားခြင်း မရှိတာကြောင့် စာချုပ်ကုန်ဆုံးမယ့် ရာသီအကုန်ထိ စောင့်ကြည့်ရဖွယ် ရှိနေပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ပီအက်စ်ဂျီအသင်းက လိုင်လီအသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ အသင်း အတွက် နာကျင်အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး အသင်းရှုံးပွဲ ဆက်နေတာကို ရပ်တန့်ပေးခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ် လီဂူးဝမ်း ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်မှာ မာဆေးလ်အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal