CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၄

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ဂီတာဖေးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ လာလီဂါပွဲအပြီးမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကို ဝေဖန်ခဲ့ပြီး လာလီဂါကို လူတွေဘာကြောင့် မကြည့်တာလဲဆိုတာ နားလည်တယ်လို့ ပြောခဲ့ပါတယ်။

ဇာဗီက “ဒီပွဲက လာလီဂါရဲ့ ထုတ်ကုန်ဖြစ်ရင် ဒါဟာ လုံးဝအရှက်ရစရာ ကောင်းပါတယ်။ လူတွေက ဘာကြောင့် ကျနော်တို့ရဲ့ ပွဲတွေကို မကြည့်ကြလဲဆိုတာ နားလည်ပါတယ်။ ဂါဗီ လက်ထိတယ်ဆိုပြီး ဒိုင်လူကြီးက သူ့ဘာသာ ထွင်ခဲ့ပါတယ်။ ဒိုင်လူကြီးတွေနဲ့ အစည်းအဝေးမှာ တွေ့ဆုံခဲ့တုန်းက အလွန်ရှင်းလင်းတဲ့ လက်ထိဘောတွေကိုသာ ပေးမယ်လို့ ပြောခဲ့ပြီး အခုတော့လည်း ဆန့်ကျင်ဘက်လိုပါပဲ။ ပြီးတော့ ဒိုင်လူကြီးက ဂီတာဖေးအသင်းကို ပြစ်ဒဏ်တွေ အများကြီး ကျူးလွန်အောင် လုပ်ခွင့်ပေးခဲ့ပြီး ကျနော်သွားပြောတော့ အထုတ်ခံခဲ့ရတယ်”လို့ ပြောခဲ့တာပါ။

ဂီတာဖေးနဲ့ ဘာစီလိုနာ အသင်းတို့ပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီးဟာ အနီကတ် ၃ ကတ် ပြသခဲ့ပြီး ဒီထဲမှာ ဘာစီလိုနာနည်းပြ ဇာဗီလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဇာဗီဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေအပေါ် မကျေနပ်တာကြောင့် ပြန်ပြီးပြောခဲ့တာမှာ ထုတ်ပယ်ခံခဲ့ရတာပါ။

ဘာစီလိုနာ နည်းပြ ဇာဗီကိုတွေ့ရစဉ်

ဒီပွဲမှာ ဂီတာဖေး ကစားသမားတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားပုံတွေကြောင့် ဘာစီလိုနာ ကစားသမားတွေနဲ့ မကြာခဏဆိုသလို ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းဟာ နောက်ကျ ပင်နယ်တီ ရနိုင်မယ့် အခွင့်အရေးကိုလည်း ဂါဗီ လက်နဲ့ ထိခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးက ခွင့်မပြုခဲ့ပါဘူး။ 

ဇာဗီဟာ အနီကတ်ကြောင့် အနည်းဆုံး လာမယ့်နှစ်ပွဲ ပွဲပယ်ခံရဖွယ်ရှိနေသလို ပွဲအပြီးမှာပြောခဲ့တဲ့ မှတ်ချက် စကားတွေကြောင့်လည်း ဒီထက်ပိုပြီး ပွဲပယ်ခံရဖွယ် ရှိနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပွဲစဉ် ၂ အဖြစ် ကာဒဇ်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို တောင်ပံကစားသမား ရာဖင်ဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Source: Goal