CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၅

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဝုလ်ဗ်စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ မိမိတို့ဟာ အနိုင်ရမယ့်နည်းလမ်းကို တွေ့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ဝုလ်ဗ်စ်အသင်းဟာ ကျနော်တို့လိုပဲ အနိုင်ရလိုစိတ် ပြင်းထန်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဟာ အနိုင်ရဖို့ နည်းလမ်းတွေကို ရှာဖွေခဲ့ပြီး လုပ်လည်းလုပ်နိုင်ခဲ့ပါတယ်။ အသင်းရဲ့ စိတ်ဓါတ်နဲ့ အနိုင်ယူချင်တဲ့ စိတ်ကိုလည်း ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ နိုင်ပွဲအတွက် ကျနော်တကယ်ကို ကျေနပ်ပါတယ်။ ဒီပွဲက ကျနော်တို့ အတွက် ပွဲကောင်းတစ်ပွဲ မဟုတ်ခဲ့ပေမယ့် ကျနော်တို့ တိုက်ပွဲဝင်ခဲ့ပြီး အနိုင်ရမယ့် နည်းလမ်းကိုလည်း တွေ့ရှိခဲ့ တယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်စ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အနိုင်ဂိုးကို နောက်ခံလူ ဗာရန်းက ပွဲချိန် ၇၆ မိနစ်မှာ ခေါင်းတိုက်ပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

 ယူနိုက်တက်အသင်းသားများကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ အကောင်းဆုံးပုံစံ မရခဲ့သလို ပြိုင်ဘက်ကို ဂိုးကန်သွင်းခွင့် အများကြီး ပေးခဲ့ရ ပေမယ့် ဂိုးသမား အိုနာနာ လက်စွမ်းပြသ နိုင်ခဲ့တာကြောင့် အမှတ်ခွဲမပေးခဲ့ရတာပါ။ 

ယူနိုက်တက်အသင်းဟာ မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပိုမှာ ဂိုးသမား အိုနာနာဟာ ဝုလ်ဗ်စ်အသင်းရဲ့ တိုက်စစ်ကို ကာကွယ်ဖို့ ကြိုးစားခဲ့တာမှာ ပင်နယ်တီ ပေးရဖို့ ရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီ အဖြစ် မသတ်မှတ်ခဲ့တဲ့အတွက် ကံကောင်းခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဒီအဖြစ်အပျက်ဟာ ပင်နယ်တီ မဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် ဝုလ်ဗ်စ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်ကတော့ ဒါဟာ သေချာပေါက် ပင်နယ်တီလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဂယ်ရီအိုနေးလ်က “အိုနာနာက ရောက်လာပြီး ကျနော်တို့ တိုက်စစ်မှူးရဲ့ ဦးခေါင်းကို ဖြုတ်ထုတ်လိုက်သလိုပါပဲ။ ဒါက သေချာပေါက် ပြစ်ဒဏ်ဘောပါ။ ကျနော် စည်းမျဉ်းစည်းကမ်းတွေကို နားလည်ပေမယ့် ပင်နယ်တီ မပေးခဲ့ တာကိုတော့ လုံးဝ လက်မခံနိုင်ပါဘူး”လို့ ပြောခဲ့တာပါ။

လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၂ အဖြစ် ယူနိုက်တက်အသင်းက စပါးအသင်းနဲ့ အဝေးကွင်း၊ ဝုလ်ဗ်စ်အသင်း ကတော့ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:CAN