CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၅

ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်း ကွင်းလယ်လူ ကိုင်စီဒိုကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အီကွေဒေါလက်ရွေးစင် ကိုင်စီဒိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၁၁ သန်းနဲ့ ပြီးခဲ့တဲ့ အပတ်က ဘရိုက်တန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာပါ။ 

ဒါပေမယ့် ကိုင်စီဒိုဟာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ချင်နေတာကြောင့် လန်ဒန်ကလပ်ဟာ ဘရိုက်တန် အသင်း လက်ခံနိုင်မယ့် ကမ်းလှမ်းမှုပြုလုပ်ခဲ့တဲ့အတွက် အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ကိုင်စီဒိုကို ၈ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်နေ တာပါ။

ကိုင်စီဒိုက “ချယ်လ်ဆီးက ကျနော့်ကို ခေါ်ခဲ့တဲ့အချိန်မှာ နှစ်ခါတောင် စဉ်းစားစရာ မလိုခဲ့ပါဘူး။ ကျနော်ဒီအသင်း နဲ့ လက်မှတ်ရေးထိုးချင်တယ်ဆိုတာ ကျနော်ပဲသိတာပါ။ ဒီမှာရှိချင်တဲ့ အိပ်မက်တစ်ခုက အမှန်တကယ် ဖြစ်လာခဲ့ ပြီး အသင်းနဲ့အတူ ပွဲစတင်နိုင်ဖို့ကို မစောင့်ဆိုင်းနိုင်တော့ပါဘူး”လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ကိုင်စီဒိုအတွက် ဘရိုက်တန်အသင်းကို ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ပေးချေ ရမှာဖြစ်ပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်က နောက်ထပ်ပေါင် ၁၅ သန်းထပ်ပြီး ပေးချေရမှာပါ။

ကိုင်စီဒိုနဲ့ ချယ်လ်ဆီး လက်မှတ်ထိုးစဉ်

ကိုင်စီဒိုဟာ ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင် ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ အန်ကွန်ကူ၊ ဂျက်ဆန်၊ ဒီဆာဆီနဲ့ ကိုင်စီဒိုတို့ကို ခေါ်ယူ နိုင်ခဲ့ပြီးနောက် ဆောက်သမ်တန်အသင်း ကွင်းလယ်လူ လာဗီးယားနဲ့ ပဲလေ့စ်အသင်း တောင်ပံကစားသမား အိုလီဆီတို့ကို ခေါ်ယူနိုင်ဖို့လည်း ထပ်ပြီး ကြိုးစားနေတာပါ။

ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင်ဖြစ်သူ တော့ဒ်ဘိုလီ လက်ထက်မှာ ကစားသမား ခေါ်ယူမှုအတွက် ဒေါ်လာ ၁ ဘီလီယံကျော် သုံးစွဲထားတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ လီဗာပူးလ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီး ဒုတိယမြောက်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC