CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅

မေဆန်မောင့်က ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့တာက သူ့ရဲ့ကစားသမားဘဝအတွက် မှန်ကန်တဲ့ ခြေလှမ်း ဖြစ်တယ်လို့ ချယ်လ်ဆီးအသင်း ပရိသတ်တွေကို ပြောလိုက်ပါတယ်။

မေဆန်မောင့်က “ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ကျနော်ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ စာရေးတာထက် ခင်ဗျားတို့နဲ့ ပိုပြီးထိုက်တန်တယ်လို့ ကျနော်ခံစားရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ၁၈ နှစ်တာကာလအတွင်းမှာ ခင်ဗျားတို့ရဲ့ အားပေးမှုတွေအားလုံးအတွက် ကျနော်ဘယ်လောက်အထိ ကျေးဇူးတင်လဲဆိုတာကို တိုက်ရိုက်ပြောပြချင်တာပါ။ ကျနော့်ရဲ့ ဆုံးဖြတ်ချက်အတွက် ခင်ဗျားတို့ထဲ အချို့က မပျော်ရွှင်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကျနော့် ကစားသမားဘဝအတွက် ဒါက မှန်ကန်တဲ့အရာပါ”လို့ ပြောခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ မေဆန်မောင့်ဟာ ယူနိုက်တက်အသင်းထံ ပေါင် ၅၅ သန်း၊ထပ်တိုးပေးချေမှု ပေါင် ၅ သန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မေဆန်မောင့်ဟာ ချယ်လ်ဆီးအသင်းကို အသက် ၆ နှစ်အရွယ်ထဲက ရောက်ရှိလာခဲ့တာဖြစ်လို့ လန်ဒန်အသင်းပရိသတ်အချို့က သူ့ရဲ့အပြောင်းအရွှေ့ကို မနှစ်သက်ကြဘူးလို့ သိရတာပါ။ 

မေဆန်မောင့်ဟာ ချယ်လ်ဆီးအကယ်ဒမီ၊ အသင်းဝန်ထမ်းတွေ၊ အသင်းဖော်တွေ၊နည်းပြတွေဖြစ်တဲ့ လမ်းပတ်၊တူချယ်လ်နဲ့ ဂရေဟမ်ပေါ်တာတို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ မေဆန်မောင့်ရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုမရခင်မှာ ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက်အသင်းရဲ့ ပထမဆုံး ကမ်းလှမ်းမှု ၃ ကြိမ်ကို ပယ်ချခဲ့တာပါ။ 

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ လာမယ့်ရာသီအသင်းလူစာရင်းအင်အားကို တောင့်တင်း အောင်လုပ်ဖို့အတွက် ကစားသမားသစ်တွေ ဖြည့်တင်းဖို့ လုပ်ဆောင်နေပြီး မေဆန်မောင့်က အခုနွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာကလပ်ထံ ရောက်ရှိလာတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

မေဆန်မောင့်ဟာ ၂၀၁၉ ခုနှစ်က ချယ်လ်ဆီးအသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ၁၉၅ ပွဲပါဝင်ကစားကာ ၃၃ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက ဒဏ်ရာကြောင့် အသင်းရဲ့ နောက်ဆုံးပွဲစဉ်တွေမှာ မပါဝင်နိုင်ခဲ့ပါဘူး။ အင်္ဂလန်ကစားသမားဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ဥရောပစူပါဖလား၊ဖီဖာကလပ်ကမ္ဘာ့ဖလား တို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

မေဆန်မောင့်ဟာ ကူလီဘာလီ၊ကန်တီ၊ဟာဗတ်ဇ်၊ကိုဗာဆစ်၊မန်ဒီနဲ့ လော့ဖ်တပ်ချိစ်တို့ပြီးနောက် အခု နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ နောက်ဆုံးထွက်ခွာတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

Source:BBC