CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂၅

ချယ်လ်ဆီးအသင်းရဲ့ အခုနှစ်ရာသီ ရုန်းကန်မှုတွေမှာ ပိုက်ဆံရှိတိုင်း အလုပ်မဖြစ်ဘူးဆိုတာကို ပြသနေခဲ့တယ်လို့ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပြောပါတယ်။

ပိုင်ရှင်သစ် အပြောင်းအလဲက ဘယ်လို အခက်အခဲတွေ ဖြစ်လာနိုင်လဲဆိုတာမှာ ချယ်လ်ဆီးက ဥပမာလားလို့ မေးမြန်း ခံခဲ့ရတာမှာ အဲရစ်တန်ဟတ်က “လုံးဝ ဟုတ်ပါတယ်။ နောက်ကွယ်မှာ ဗျူဟာမရှိပါဘူး၊ ဒါမှမဟုတ် မှန်ကန်တဲ့ ဗျူဟာမရှိရင်တော့ ပိုက်ဆံရှိတိုင်း အလုပ်မဖြစ်ပါဘူး။ ဒီအခိုက်အတန့်မှာ ကောင်းမွန်တဲ့ ကစားသမား တွေ အများကြီး၊ နည်းပြကောင်းတွေ အများကြီးနဲ့ ပိုက်ဆံတွေအများကြီးက ဗြိတိန်မှာ ရှိပါတယ်။ မှန်ကန်တဲ့ အရာတွေကို လုပ်ရပါမယ်။ ခင်ဗျားမှာ ပိုက်ဆံရှိပေမယ့် ဒါကို စမတ်ကျကျနဲ့ အသုံးပြုရပါမယ်”လို့ ဖြေခဲ့တာပါ။

ချယ်လ်ဆီးအသင်းကို တော့ဒ်ဘိုလီ ဦးဆောင်တဲ့ အစုအဖွဲ့က ပေါင် ၄ ဘီလီယံကျော်နဲ့ လွှဲပြောင်း ရယူပြီးနောက် ပထမဆုံး ရာသီဖြစ်တဲ့ အခုရာသီ အပြောင်းအရွှေ့ ၂ ခုမှာ ပေါင်သန်း ၆၀၀ နီးပါးသုံးစွဲပြီး ကစားသမားသစ်တွေကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အသင်းဟာ ရလဒ်တွေဆိုးပြီး နည်းပြ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရကာ အခုနှစ်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၁၀ ပြင်ပမှာ ရပ်တည်ပြီး ရာသီအဆုံးသတ်ဖို့ သေချာခဲ့ပါတယ်။

ယူနိုက်တက်အသင်းကလည်း လက်ရှိအချိန်မှာ အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ဖို့ ရှိနေပြီး လက်ရှိပိုင်ရှင် ဂလေဇာ မိသားစုက အသင်းကို ရောင်းချဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်

မန်ချက်စတာကလပ်ကို ဝယ်ယူဖို့ ကာတာဘဏ် လုပ်ငန်းရှင် ရှိတ်ဂျာဆင်မ်နဲ့ ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်တို့က အပြိုင်အဆိုင် လေလံတင်သွင်းပြီး ကြိုးစားနေကြပါတယ်။

အဲဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်က ပိုင်ရှင် အပြောင်းအလဲ ဖြစ်လာခဲ့မယ်ဆိုရင် အပြောင်းအရွှေ့ကို မှန်မှန် ကန်ကန်နဲ့ ချဉ်းကပ်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ပထမဆုံး ရာသီမှာတင် ကာရာဘောင်းဖလား ရယူပြီး ၆ နှစ်ကြာ ဆုဖလားလက်မဲ့ ဖြစ်တာကို အဆုံးသတ်နိုင်ခဲ့သလို ပရီးမီးယားလိဂ် လက်ကျန် ၂ ပွဲမှာလည်း ရမှတ် ၁ မှတ်ရယူနိုင်တာနဲ့ လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမှာပါ။

ဒါအပြင် အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီရာသီ ဆုဖလား ၂ လုံး ရယူ နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ လမ်းကြောင်း မှန်ပေါ် ရောက်နေတယ်လို့ ထင်ပေမယ့် ဒီရာသီကနေ သင်ယူ စရာတွေ ရှိပါတယ်။ ရာသီအပြီးမှာ ဒါတွေကို အကဲဖြတ်ကာ အနာဂတ်အတွက် မှန်ကန်တဲ့ အရာတွေ ကောက် ချက်ချရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ အကောင်းဆုံး ယှဉ်ပြိုင်ပြီး ချန်ပီယံလိဂ်မှာ ပါဝင်ချင်ပါတယ်။ ပရီးမီးယား လိဂ်မှာ ထိပ်ဆုံ ၄ သင်းထဲ ဝင်ရောက်နိုင်ဖို့ မလွယ်ပါဘူး။ ပထမဆုံးအနေနဲ့ ကျနော်တို့ဟာ ချယ်လ်ဆီးနဲ့ပွဲမှာ အနိုင်ကစားပြီး အလုပ်ကို ပြီးမြောက်အောင် လုပ်ရပါမယ်”လို့ ပြောခဲ့ပါတယ်။

Source: Goal