CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂၅

ဘရိုက်တန်အသင်းဟာ မန်စီးတီးအသင်းနဲ့ ၁ ဂိုးစီသရေကျပြီး လာမယ့်နှစ်ရာသီ ယူရိုပါလိဂ် ဝင်ခွင့်ရသွားခဲ့ ပြီးနောက် နည်းပြ ဒီဇာဘီက အသင်းဟာ ဥရောပပြိုင်ပွဲမှာ ကစားဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။

ဒီဇာဘီက “ဒီကို ပထမဆုံးအကြိမ်ရောက်လာခဲ့ချိန်မှာ ပစ်မှတ်တွေအကြောင်းကို ကျနော်မတွေးခဲ့ပါဘူး။ ဖေဖော်ဝါရီလမှာတော့ အမှတ်ပေးဇယား၊ နောက်ဆုံးရလဒ်တွေနဲ့ ရည်မှန်းချက်တွေအကြောင်းကို စတင်ပြီး တွေးမိခဲ့တာပါ။ ထူးချွန်တဲ့ ကစားသမားအစုအဖွဲ့ကို တွေ့ခဲ့ရတဲ့အတွက် ကျနော်ကံကောင်းပါတယ်။ ကျနော်က သာမန်နည်းပြကောင်းတစ်ဦးပါပဲ။ မန်စီးတီးနဲ့ ကစားရတာတော့ အမြဲတမ်းခက်ခဲမယ်ဆိုတာ ကျနော်သိပါတယ်။ ကျနော်တို့အလွန်ကောင်းမွန်စွာကစားခဲ့ပြီး အမှတ်ရယူနိုင်ဖို့ ထိုက်တန်ခဲ့ပါတယ်။ ကျနော်တို့ ဥရောပမှာ ကစား ဖို့လည်း ထိုက်တန်ပါတယ်”လို့ ပြောခဲ့တာပါ။

ဘရိုက်တန်အသင်းဟာ ဒီပွဲမှာ သရေကျခဲ့တဲ့အတွက် ကလပ်အသင်းရဲ့ နှစ်ပေါင်း ၁၂၂ နှစ်သမိုင်းကြောင်းမှာ ပထမဆုံးအကြိမ် ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်အသင်းဟာ ဂရေဟမ်ပေါ်တာနေရာမှာ အစားထိုးဝင်ရောက်ခဲ့တဲ့ နည်းပြ ဒီဇာဘီလက်ထက်မှာ အသင်းကြီးတွေကို အနိုင်ယူပြီး ရလဒ်ကောင်းတွေ ရရှိခဲ့ ကာ မန်စီးတီးအသင်းနဲ့ ပွဲမှာဆိုရင် နိုင်ပွဲဆက်နေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံရဲ့ နိုင်ပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့ပါ တယ်။

ဘရိုက်တန်အသင်းတိုက်စစ်မှူး ဝဲလ်ဘတ်က အသင်းဟာ နည်းပြ အပြောင်းအလဲတွေကြောင့် အခက်အခဲ တွေရှိခဲ့ပေမယ့် အားလုံးက အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့လို့ ယူရိုပါလိဂ် ဝင်ခွင့်ရရှိခဲ့တာလို့ ပြောခဲ့တာပါ။
ဝဲလ်ဘတ်က “ဒါက ခက်ခဲပါတယ်။ နည်းပြသစ်ရောက်လာပြီး အပြောင်းအလဲတွေဖြစ်ခဲ့ပေမယ့် လူတိုင်းက အကောင်းဆုံးပုံစံနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်ကစားရမှာက အံ့မခန်းပါပဲ။ အသင်းဟာ တိုးတက်ပြီးရင်း တိုးတက်လာပြီး လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲကို ကစားဖို့အတွက် ကျနော်တို့ မစောင့်ဆိုင်းနိုင်တော့ဘူး”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၇ ကစားအပြီးမှာ ရမှတ် ၆၂ မှတ်နဲ့ အဆင့် ၇ နေရာက အက်စတွန် ဗီလာအသင်းကို ၄ မှတ်အသာရကာ အဆင့် ၆ နေရာနဲ့ ရာသီအဆုံးသတ်တော့မှာပါ။ ဘရိုက်တန်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:DailyMail