CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃

ကစားသမားသစ် မေဆန်မောင့်ဟာ ယူနိုက်တက်ရဲ့ အောင်မြင်မှုကို အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်တယ်လို့ နည်းပြ အဲရစ်တန်ဟတ်က လိဒ်စ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “သူက ကျနော်တို့ရဲ့ ပွဲတွေမှာ တက်ကြွမှုတွေကို ယူဆောင်လာမှာဖြစ်ပြီး အဲဒီအရာက ပြီးခဲ့တဲ့ရာသီက ကျနော်တို့ရဲ့ သုံးသပ်ချက်တွေထဲက တစ်ခုပါ။ သူ့ရဲ့ အားသာချက်က တိုက်စစ်ဆင်တာပါ။ ဒါပေမယ့် သူက နေရာစုံမှာ ကစားနိုင်တဲ့သူနဲ့  ပြီးပြည့်စုံတဲ့သူဖြစ်ချင်နေပါတယ်။ ကွင်းလယ်မှာ ကစားတဲ့ အချိန်မှာ တိုက်စစ်အတွက်ရော ခံစစ်အတွက်ပါ လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ သူက အရည်အသွေးရှိတဲ့သူဖြစ်လို့ အသင်းရဲ့ အောင်မြင်မှုကို အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်”လို့ MUTV ကို ပြောခဲ့တာပါ။

အသက် ၂၄ နှစ်အရွယ်ရှိ မေဆန်မောင့်ဟာ ချယ်လ်ဆီးအသင်းကနေ ယူနိုက်တက်အသင်းကို ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လိဒ်စ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ မေဆန်မောင့်ဟာ ဒီပွဲမှာ ပထမပိုင်းသာ ကစားခဲ့ရပေမယ့် ခြေစွမ်းပြသ နိုင်ခဲ့ပြီး အသင်းဖော်တွေနဲ့ အတွဲညီစွာ ကစားနိုင်ခဲ့တာပါ။ 

ဒုတိယပိုင်းမှာတော့ နည်းပြ အဲရစ်တန်ဟတ်ဟာ ပွဲထွက်ကစားသမား ၁၁ ဦးစလုံးကို လူစားလဲခဲ့ပြီး လူငယ် ကစားသမားတွေကို အသုံးပြုသွားခဲ့တာပါ။ ယူနိုက်တက်အတွက် ဂိုးတွေကို အီမရန်နဲ့ ဟူဂေးလ်တို့က သွင်းယူ ခဲ့တာဖြစ်ပါတယ်။ 

မေဆန်မောင့်ကတော့ လိဒ်စ်အသင်းနဲ့ပွဲမှာ ကစားသွားခဲ့တဲ့ သူ့ရဲ့ အခန်းကဏ္ဍကို နှစ်သက်တယ်လို့ ပြောခဲ့ ပါတယ်။

မေဆန်မောင့်က “ကွင်းထဲမှာ ရှိရတာ အလွန်ကောင်းမွန်တဲ့ ခံစားမှုပါ။ လေ့ကျင့်ရေးကွင်းမှာ ကျနော်တို့ ကြိုးစား ခဲ့တဲ့ အရာတွေကို ဒီပွဲမှာ ပြသခွင့်ရတာက အလွန်ကောင်းပါတယ်။ မတူညီတဲ့ နည်းဗျူဟာတချို့နဲ့ ကျနော်တို့ အလုပ်လုပ်နေကြပါတယ်။ ဒီပွဲမှာ ကျနော်ပါဝင်ကစားခဲ့ရတဲ့ အခန်းကဏ္ဍကို နှစ်သက်ပါတယ်” လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဇူလိုင်လ ၁၉ ရက်မှာ နောက်ထပ်ရာသီကြိုခြေစမ်းပွဲအဖြစ် လိုင်ယွန်အသင်းနဲ့ ယှဉ်ပြိုင် မှာဖြစ်ပြီး ဒီပွဲအပြီးမှာတော့ အာဆင်နယ်၊ ရက်စ်ဟမ်း၊ ရီးရယ်လ်၊ ဒေါ့မွန်တို့နဲ့ အမေရိကန်မှာ ခြေစမ်းပွဲ ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။ 

Source:BBC