CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၃

ယူနိုက်တက်အသင်းကွင်းလယ်လူ မေဆန်မောင့်ဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် လာမယ့် စက်တင်ဘာလအထိ အနားယူရမယ်လို့ အသင်းဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အခု နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းကနေ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ မေဆန်မောင့်ဟာ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲစလုံးမှာ ပါဝင်ကစားခဲ့တာပါ။ မေဆန်မောင့်ဟာ လာမယ့်လ နိုင်ငံတကာပွဲစဉ်အပြီးအထိ အနားယူရဖွယ်ရှိနေတာကြောင့် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်၊ အာဆင်နယ်အသင်းတို့နဲ့ ပွဲစဉ်တွေကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ 

အသက် ၂၄ နှစ်အရွယ်ရှိ ကစားသမားဟာ ယူကရိန်းအသင်းနဲ့ စက်တင်ဘာ ၉ ရက်မှာကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲမှာလည်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ 

မေဆန်မောင့်ဟာ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲစလုံးမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန် နေခဲ့ရလို့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေလည်း ခံနေရတာပါ။ 

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ကတော့ ကွင်းလယ်ပိုင်းမှာ ရွေးချယ်စရာတွေ အကန့်အသတ်သာ ရှိတဲ့အတွက် မေဆန်မောင့်ရဲ့ ဒဏ်ရာဟာ သူ့အတွက် သတင်းဆိုးဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့မပိတ်ခင်မှာ ကွင်းလယ်ပိုင်းအတွက် ကစားသမားသစ်တွေ ဖြည့်တင်းဖို့ လုပ်ဆောင်နေပြီး ပီအက်စ်ဂျီအသင်းက ဗာရက်တီနဲ့ ဖီအိုရင်တီးနားအသင်းက အမ်မရာဘတ်တို့ကို ဦးစားပေးပစ်မှတ်တွေအဖြစ် သတ်မှတ်ထားတယ်လို့ ဗြိတိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပရီးမီးယားလိဂ် ၂ ပွဲကစားပြီးအချိန်မှာ ၁ ပွဲနိုင် ၁ ပွဲရှုံးနိမ့်ထားတဲ့ ယူနိုက်တက်အသင်းဟာ နော်တင်ဟမ် ဖောရက်စ်အသင်းကို အိမ်ကွင်းမှာ ကစားတဲ့ပွဲမှာ နိုင်ပွဲပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ 

Source:BBC