CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၃

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အီတီဖတ်အသင်းက ယူနိုက်တက်တိုက်စစ်မှူး ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စဉ်းစားနေ တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာကို နည်းပြဖြစ်သူ စတီဗင်ဂျရတ်က ငြင်းဆန်သွားခဲ့ပါတယ်။

လီဗာပူးလ်ဂန္ထဝင် ကစားသမားဟောင်းက ဂရင်းဝုဒ်နဲ့ အယ်လ်အီတီဖတ်အသင်းရဲ့ ထင်ကြေးတွေဟာ သတင်း အတုအယောင်တွေသာ ဖြစ်တယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပြောခဲ့တာကို သတင်းတွေမှာ ဖော်ပြထားတာပါ။

ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းရဲ့ ကလပ်အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုတွေ ခံယူအပြီးမှာ အသင်းကနေ ထွက်ခွာဖို့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။
ဆော်ဒီကလပ် အသင်းတွေဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ငွေကြေး အများအပြားသုံးစွဲပြီး ဘန်ဇီမာ၊ မာနေး၊ နေမာတို့ အပါအဝင် နာမည်ကြီး ကစားသမား အများအပြားကို ခေါ်ယူထားတာပါ။ 

စတီဗင်ဂျရတ်ရဲ့ အယ်လ်အီတီဖတ်အသင်းဟာ လီဗာပူးလ်အသင်း ခေါင်းဆောင်ဟောင်း ဟန်ဒါဆန်ကို ခေါ်ယူနိုင် ခဲ့ပြီး ဂရင်းဝုဒ်ကို ခေါ်ယူဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ 

ဂရင်းဝုဒ်နဲ့ စတီဗင်ဂျရတ်ကို တွေ့ရစဉ်

ဒါပေမယ့် ဂရင်းဝုဒ်ရဲ့ လက်ရှိ အခြေအနေတွေကြောင့် ဆော်ဒီပရိုလိဂ် ကလပ်ဟာ လက်မှတ်ထိုး ခေါ်ယူနိုင်ဖို့ အတွက် တုံ့ဆိုင်းနေတာလို့ ယူဆရပါတယ်။ 

ယူနိုက်တက်အသင်း နည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းကလည်း ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဘက်ဆီးတပ်စ်နဲ့ ဂါလာတာစာရေး အသင်းတို့ အပါအဝင် တူရကီကလပ် အများအပြားကတော့ ဂရင်းဝုဒ်ကို အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားနေတာပါ။

ယူနိုက်တက်အသင်းနဲ့ ဂရင်းဝုဒ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိနေတဲ့အတွက် မန်ချက်စတာ ကလပ်ဘက်က အပြီးသတ် ရောင်းချမလား၊ အငှားချမလားဆိုတာ ဆုံးဖြတ်ချက် ချရမှာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အကယ်ဒမီထွက် ဂရင်းဝုဒ်ကို အသင်းမှာ ဆက်ကစားခွင့် မပေးတော့ဘဲ ထွက်ခွာခွင့် ပေးတဲ့အပေါ် ပရိသတ် အများအပြားက ဝေဖန်မှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

Source: Daily Mail