CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅

လီဗာပူးလ်အသင်းကနေ ထွက်ခွာခဲ့တဲ့ တိုက်စစ်မှူး ဖာမီနိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းထံ ၃ နှစ်စာချုပ်ချုပ်ကာ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဖာမီနိုဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ဥရောပကလပ်အသင်းတွေနဲ့ ဘရာဇီးလ်ကလပ်အသင်း တွေရဲ့ ချိတ်ဆက်မှုခံခဲ့ရပေမယ့် ဆော်ဒီကလပ် အယ်လ်အာလီအသင်းထံ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

အယ်လ်အာလီအသင်းဟာ မကြာသေးခင်ကမှ ချယ်လ်ဆီးအသင်းဂိုးသမား မန်ဒီကို ခေါ်ယူထားတာကြောင့် ဖာမီနိုဟာ မန်ဒီနဲ့အတူ တစ်သင်းထဲမှာ အတူတွဲပြီး ကစားရတော့မှာ ဖြစ်ပါတယ်။

ဖာမီနိုက “ကျနော်ဟာ အသင်းကြီးတွေမှာ အမြဲတမ်းကစားခဲ့ပြီး အခုအချိန်မှာတော့ ကျနော် အယ်လ်အာလီ အသင်းမှာ ရှိနေပြီ”လို့ အသင်းရဲ့တွစ်တာမှာတင်ထားတဲ့ ဗွီဒီယီုမှာ ပြောခဲ့တာပါ။

ဖာမီနိုဟာ လီဗာပူးလ်အသင်းကို ၂၀၁၅ ခုနှစ်က ဟော်ဖန်ဟိမ်းအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်း အတွက် ၃၆၂ ပွဲပါဝင်ကစားကာ ၁၁၁ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ ဘရာဇီးလ်တိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းနဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊FA ဖလား၊ကာရာဘောင်းဖလား၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလား တို့ကို ရယူခဲ့ပြီး မေလအကုန်ပိုင်းမှာ အသင်းကို နှုတ်ဆက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဖာမီနိုကို ခေါ်ယူခဲ့တဲ့ အယ်လ်အာလီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီလိဂ်ဒုတိယတန်းမှာ ချန်ပီယံဖြစ်ခဲ့လို့ လာမယ့်ရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ငွေကြေးအများအပြားသုံးစွဲပြီး ကစားသမား သစ်တွေ ဖြည့်တင်းနေတာပါ။ လက်ရှိအချိန်မှာ အယ်လ်အာလီအသင်းအပါအဝင် ဆော်ဒီပရိုလိဂ်အသင်းတွေဟာ ဥရောပရှိ နာမည်ကြီးကစားသမားအများအပြားကို နိုင်ငံအတွင်း ခေါ်ယူနေပြီး သူတို့လိဂ်ကို ကမ္ဘာ့ထိပ်တန်းလိဂ် အထိ ရောက်ဖို့ ရည်မှန်းနေတာဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ်ဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ဖာမီနိုအပါအဝင် ဘန်ဇီမာ၊ ကန်တီ၊ ကူလီဘာလီ၊ ရူဘင်နာ ဗတ်စ်၊ ဘရိုဇိုဗစ်နဲ့ နာမည်ကြီးကစားသမားအများအပြားကို ခေါ်ယူထားတာ ဖြစ်ပါတယ်။

Source:ChannelNewsAsia