CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂

အယ်လ်ဟီလယ်အသင်း ကွင်းလယ်လူ ရုဘင်နာဗက်စ်က ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ဘရူနိုဖာနန်ဒက်စ်ကို ဆော်ဒီပရိုလိဂ် ကလပ်အသင်းထံ ပြောင်းလာဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။ 

ရူဘင်နာဗက်စ်က “နိုင်ငံအသင်းမှာရှိတဲ့ ကစားသမားတွေ အားလုံးကို အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့လာ ဖို့ ကျနော်အကြံပြုပါတယ်။ ပေါ်တူဂီဟာ အရည်အသွေးရှိတဲ့ ကစားသမား အများအပြား မွေးထုတ်ခဲ့ပြီး ဒါကို ဆက်လုပ်နေပါတယ်။ ကျနော့်အသင်းမှာ နိုင်ငံအသင်းက ဘယ်ကစားသမားကိုမဆို ရှိစေချင်တယ်”လို့ A Bola နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို လာမယ့် ဖီဖာကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်မီ အသင်းလူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ 

အယ်လ်ဟီလယ်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ၃ နှစ်စာချုပ်အတွက် ပေါင်သန်း ၂၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ် ထားပြီး ဘရူနိုဖာနန်ဒက်စ်သာ သူတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံရင် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ရှိနေတာပါ။ 

ဘရူနိုဖာနန်ဒက်စ်ကို တွေ့ရစဉ်

ဘရူနိုဖာနန်ဒက်စ်ရဲ့ အေးဂျင့်နဲ့ အယ်ဟီလယ်အသင်းတို့ဟာ ပြီးခဲ့တဲ့ရက် သတ္တပတ်အတွင်းမှာ တွေ့ဆုံဆွေးနွေး မှုတွေရှိခဲ့ပြီး ကစားသမားကလည်း ယူနိုက်တက်အသင်းကနေ ထွက်ခွာမယ့် အလားအလာကို စဉ်းစားနေတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ပေါ်တူဂီအသင်းဖော် ရူဘင်နာဗက်စ်က ဘရူနိုဖာနန်ဒက်စ်ကို အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ လာဖို့ မျှော်လင့်နေတာပါ။ 

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ကတော့ အသင်းဟာ အခြားနည်းလမ်းတွေနဲ့ ငွေကြေးရှာဖွေလို့ရတဲ့အတွက် ဘရူနိုဖာနန်ဒက်စ်ကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောထားပါတယ်။ 

ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၂၉၀ ပါဝင်ကစားထားတဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။ 

Source: Metro