CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၅

မန်စီးတီးအသင်းရဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်းဟာ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ဆီဗီလာအသင်းနဲ့ ကစားမယ့် ယူအီးအက်ဖ်အေစူပါဖလားပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။

ဒီဘရိုင်းဟာ ဘန်လေအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် ၃၆ မိနစ်မှာ ဒဏ်ရာရရှိသွားခဲ့တာ ကြောင့် လူစားလဲခံခဲ့ရတာပါ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ ဒီဘရိုင်းဟာ ဒဏ်ရာအခြေအနေ ပေါ်မှုတည်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမယ်လို့ ပြောထားပါတယ်။ မန်စီးတီးအသင်းဟာ ဆီဗီလာအသင်းနဲ့ ပွဲစဉ်အတွက် ကစားသမား ၂၂ ဦးစာရင်းကို ထုတ်ပြန်ခဲ့တာမှာ ဒီဘရိုင်းမပါဝင်ခဲ့ပါဘူး။ 

မန်စီးတီးအသင်းရဲ့ လူစာရင်းမှာ ဒီဘရိုင်းအပြင် အဓိက ကစားသမားတွေဖြစ်တဲ့ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားနဲ့ နောက်ခံလူ ရူဘင်ဒီယက်ဇ်တို့လည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့မယ့် နောက်ခံလူ ကန်ဆယ်လိုကိုလည်း မန်စီးတီးအသင်းက လူစာရင်းမှာ ချန်လှပ်ခဲ့တာပါ။ ဥရောပစူပါဖလားပြိုင်ပွဲဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ချန်ပီယံနဲ့ ယူရိုပါလိဂ်ချန်ပီယံတို့ ယှဉ်ပြိုင် ကစားရတာ ဖြစ်ပါတယ်။

အဲဒါကြောင့် မန်စီးတီးနဲ့ ဆီဗီလာအသင်းတို့ဟာ သြဂုတ် ၁၇ ရက် ဂရိနိုင်ငံမှာ ဥရောပစူပါဖလားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကြမှာပါ။ မန်စီးတီးအသင်းဟာ ဥရောပစူပါဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်မှာဖြစ်ပြီး ဆီဗီလာအသင်းကတော့ (၇)ကြိမ်မြောက်အဖြစ် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ စပိန်ကလပ် ဆီဗီလာအသင်းဟာ အရင် ယှဉ်ပြိုင်ခဲ့တဲ့ (၆) ကြိမ်မှာ ၁ ကြိမ်သာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီပွဲအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်၊ ဆီဗီလာအသင်းက စပိန်လာလီဂါ ပွဲစဉ်အဖြစ် အလာဗတ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ChannelNewsAsia