CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂

ပီအက်စ်ဂျီကနေ အခုရာသီအကုန်မှာ ထွက်ခွာတော့မယ့် တိုက်စစ်မှူး မက်ဆီရဲ့ အနာဂတ်ကို လာမယ့် အပတ်မှာ ဆုံးဖြတ်မယ်လို့ ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ပြောလိုက်ပါတယ်။

ဇာဗီက “မက်ဆီနဲ့ ပတ်သက်ပြီး ကျနော် အကြိမ်ကြိမ် ပြောပြီးပါပြီ။ ဒီနေရာဟာ သူ့အတွက် တံခါးဖွင့် ထားပါတယ်။ သူလာဖို့ ဆုံးဖြတ်ခဲ့ရင် သူက ကျနော်တို့ကို ကူညီမယ်ဆိုတာ ကျနော်သိပါတယ်။ ကျနော် တို့ဟာ ပီအက်စ်ဂျီကို လေးစားပြီး အကောင်းဆုံးနည်းလမ်းနဲ့ပဲ ပြီးဆုံးသွားစေချင်ပါတယ်။ သူဟာ မြင့် မားတဲ့ အဆင့်မှာ ဘောလုံး ဆက်ကစားနိုင်တယ်လို့ ကျနော်တို့ထင်သလို အကောင်းဆုံး လုပ်နိုင်မယ်လို့ လည်း ယုံကြည်ပါတယ်။ လာမယ့်အပတ်မှာ သူဆုံးဖြတ်ချက် ချမယ်လို့ ကျနော့်ကို ပြောခဲ့ပါတယ်။ အဆုံးသတ်မှာ သူက အနာဂတ်ကို ဆုံးဖြတ်တော့မှာဖြစ်ပြီး ဒီမှာလည်း တံခါးတွေ ဖွင့်ထားတော့ ငြင်းခုံ စရာ မရှိတော့ပါဘူး”လို့ ပြောပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ အခုလအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာမှာ ဖြစ်ပေမယ့် အနာဂတ်ကို မဆုံးဖြတ်ရသေးပါဘူး။

မက်ဆီကို ခေါ်ယူဖို့ ဆော်ဒီက လုပ်ခလစာ ယူရိုသန်း ၅၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတာ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းကလည်း သူတို့ရဲ့ ကစားသမားဟောင်းကို အံ့မခန်း သဘောတူညီမှုတစ်ခုနဲ့ ပြန်လည် ခေါ်ယူနိုင်ဖို့ စိတ်အား ထက်သန်နေတာ ဖြစ်ပါတယ်။

မက်ဆီကို တွေ့ရစဉ်

စပိန်ကလပ်အနေနဲ့ မက်ဆီကို ပြန်လည် ခေါ်ယူဖို့ဆိုရင် သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေတွေကို ပြန်လည် ပြုပြင်ဖို့ လိုအပ်နေတာပါ။

ဇာဗီကတော့ ဘာစီလိုနာအနေနဲ့ မက်ဆီကို အမြဲတမ်း ကြိုဆိုနေမယ်လို့ ပြောခဲ့ပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်က အသင်းဖော်ဟောင်းပေါ်မှာပဲ မူတည်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက လာမယ့် ကလားမောင့်နဲ့ပွဲဟာ မက်ဆီရဲ့ ပီအက်စ်ဂျီ ကစားသမား ဘဝ နောက်ဆုံးပွဲလို့ အတည်ပြု ထားပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့တဲ့ ၂ နှစ်အတွင်း ပွဲပေါင်း ၇၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၂ ဂိုး သွင်းယူခဲ့ကာ လီဂူးဝမ်းဆုဖလား ၂ ကြိမ်နဲ့ ထရိုဖီဒတ်စ် ချန်ပီယံဆု ၁ ကြိမ် ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal