CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၉

မက်ဆီ မရှိခင်တုန်းက ဘာစီလိုနာအကြောင်းကို ဘယ်သူမှမသိဘူးလို့ အစ်ကိုဖြစ်သူ မာတီးယတ်စ်က လာလီဂါ ကလပ်ရဲ့ သမိုင်းကြောင်းကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မာတီးယတ်စ်က “ခင်ဗျားတို့အကြောင်း ကျနော်မသိပေမယ့် ဘာစီလိုနာက မက်ဆီကြောင့် လူပိုသိလာခဲ့ပါတယ်။ သူတို့ အကြောင်းကို အရင်က ဘယ်သူမှ မသိပါဘူး။ ဘယ်သူမဆို ဘာစီလိုနာကိုသွားပြီး ပြတိုက်ကို ကြည့်ခွင့်ရ မယ်ဆိုရင် ပြတိုက်က မက်ဆီပဲဆိုတာကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ”လို့ ပြောခဲ့တာပါ။

မက်ဆီဟာ ဘာစီလိုနာအသင်းကို ၂၀၀၀ ခုနှစ်ကတည်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ စာချုပ် ကုန်ဆုံးသွားလို့ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့အတူ လာလီဂါဖလား ၁၀ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာပါ။ ဒါ့အပြင် တစ်ဦးချင်း ဆုတွေကိုလည်း မရေမတွက်နိုင်အောင် ရရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီ မရောက်လာခင်အချိန်က ဘာစီလိုနာအသင်းမှာ ဂျိုဟန်ခရိုက်ဖ်၊ ဂွာဒီယိုလာ၊ ရော်နယ်လ်ကိုးမန်း၊ ကလွိုင်ဗတ်စတဲ့ နာမည်ကျော် ကစားသမားတွေလည်း ရှိခဲ့တာပါ။

မက်ဆီနဲ့ အစ်ကိုဖြစ်သူ မာတီးယတ်စ်ကိုတွေ့ရစဉ်

ဘာစီလိုနာအသင်းဟာ လာမယ့် နွေရာသီမှာ မက်ဆီကို ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး ပီအက်စ်ဂျီအသင်း ကလည်း စာချုပ်သစ်ချုပ်နိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။

မက်ဆီဟာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာပြီးကတည်းက စပိန်ကလပ် အကြောင်းကို အများကြီး ပြောဆိုခြင်း မရှိတော့ဘဲ ပြင်သစ်ကလပ်နဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ အတွက်ကိုသာ အာရုံစိုက်နေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ မက်ဆီဟာ ၁၆ သင်းအဆင့်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ခက်ခဲတဲ့ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၂၅ ပွဲကစားထားပြီး ၁၅ ဂိုး သွင်းယူထားကာ ခြေစွမ်းပြသနေ တာ ဖြစ်ပါတယ်။

Source: Goal