CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၀

ချယ်လ်ဆီးအသင်းဟာ အက်စ်ပီလီကွီတာ အသင်းကနေ ထွက်ခွာသွားပြီးနောက် အကယ်ဒမီထွက် ရီစီဂျိမ်းစ်ကို အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုဟာ ဝါရင့်ဗဟိုနောက်ခံလူ သီယာဂိုဆေးလ်ဗားကို ကျော်ပြီး အသက် ၂၃ နှစ် အရွယ်သာရှိသေးတဲ့ ရီစီဂျိမ်းစ်ကို အသင်းခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခဲ့တာပါ။ 

သီယာဂိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့ရာသီတွေမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲအများအပြား တာဝန်ယူခဲ့ပေမယ့် နည်းပြကတော့ အကယ်ဒမီထွက် ကစားသမားကိုသာ လက်ပတ်ပေးဝတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သတင်းမှာ ဖော်ပြ ထားပါတယ်။

ရီစီဂျိမ်းစ်ကို တွေ့ရစဉ်

ရီစီဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေကြောင့် ချယ်လ်ဆီးအသင်းအတွက် ၂၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပေမယ့် ရာသီသစ်မှာ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရမှာက သူနဲ့ သူ့ရဲ့မိသားစုအတွက် အလွန်ကောင်းမွန် တဲ့ ခံစားချက်လို့ ရီစီဂျိမ်းစ်က ပြောခဲ့ပါတယ်။

ရီစီဂျိမ်းစ်က “အသက် ၆ နှစ်အရွယ်ထဲက ဒီမှာစတင်ခဲ့ပြီး ဘဝတစ်ခုလုံး ချယ်လ်ဆီးမှာပဲ ရှိနေခဲ့တာပါ။ အကယ်ဒမီကနေ ကျော်ဖြတ်နိုင်ဖို့ဆိုတာ ခက်ခဲပြီး အသင်းခေါင်းဆောင် ဖြစ်လာတာက ကျနော်နဲ့ ကျနော့် မိသားစုအတွက် အလွန်ကောင်းမွန်တဲ့ ခံစားချက်ပါပဲ”လို့ Chelsea's official website ကို ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းအတွက် ၁၄၇ ပွဲ ပါဝင်ကစားထားပြီး ၁၁ ဂိုး သွင်းယူထားတဲ့ ရီစီဂျိမ်းစ်ဟာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ပြီး အသင်းကို ဦးဆောင်မှာဖြစ် ပါ တယ်။

Source: Goal