CNI Sport News 

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ဆီမီးဖိုင်နယ်အဖြစ် အီရတ်ကလပ် အယ်လ်ရှော်တာအသင်းနဲ့ ကစားခဲ့ တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး အာရပ်ကလပ် ချန်ပီယံများဖလား ဗိုလ်လုပွဲသို့ ရောက်ရှိသွားခဲ့ပါတယ်။

အယ်လ်နာဆာအသင်းအတွက် တစ်လုံးထဲသောဂိုးကို အသင်းခေါင်းဆောင် ရော်နယ်ဒိုက ပွဲချိန် ၇၅ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာပါ။

အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို ဖလားဗိုလ်လုပွဲ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဆော်ဒီကလပ် ကစားသမားဘဝ ပထမဆုံးဆုဖလား ရယူနိုင်ဖို့ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ဒီပြိုင်ပွဲမှာ သွင်းဂိုး ၄ ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။ 

အယ်လ်နာဆာအသင်း ယှဉ်ပြိုင်နေစဉ်

အာရပ်ကလပ် ချန်ပီယံများဖလားပြိုင်ပွဲဟာ ဗိုလ်လုပွဲကစားဖို့ ကျန်ရှိနေသေးပေမယ့် ပြိုင်ပွဲတာဝန်ရှိသူတွေဟာ ရော်နယ်ဒိုကို ဂိုးသွင်းအများဆုံး ကစားသမားဆု ချီးမြှင့်သွားခဲ့ပါတယ်။
၃ ဂိုး သွင်းယူထားပြီး ဂိုးသွင်းအများဆုံး ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဘန်ဇီမာရဲ့ အယ်လ်အီတီဟတ် အသင်း ဟာ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့သလို ၂ ဂိုး သွင်းယူထားတဲ့ ကစားသမားအများစုရဲ့ အသင်းတွေကလည်း ပြိုင်ပွဲ က ထွက်ခွာသွားခဲ့ပြီဖြစ်တာကြောင့် ရော်နယ်ဒိုဟာ ဒီဆုကို စောစီးစွာ ရရှိခဲ့တာပါ။

ရော်နယ်ဒိုက “အသင်းသားတွေရဲ့ အကောင်းဆုံး လုပ်ဆောင်မှုနဲ့ ဗိုလ်လုပွဲ ရောက်ရှိသွားပါပြီ။ အံ့အားသင့်ဖွယ် ကောင်းတဲ့ အားပေးမှုတွေနဲ့အတူ ကျနော်တို့ အရှေ့ကိုသွားနိုင်အောင် အမြဲတမ်းတွန်းအားပေးတဲ့ ပရိသတ်တွေကို အထူးကျေးဇူးတင်ရှိပါတယ်”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

 

 

 

 

အယ်လ်နာဆာအသင်းဟာ အာရပ်ကလပ် ချန်ပီယံများဖလား ဗိုလ်လုပွဲအဖြစ် ဆော်ဒီကလပ် အယ်လ်ဟီလယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

အယ်လ်ဟီလယ်အသင်းဟာ အယ်လ်ရှာဘတ်အသင်းကို ဆီမီးဖိုင်နယ်မှာ ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အယ်လ်နာဆာနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ ဗိုလ်လုပွဲကို သြဂုတ် ၁၂ ရက်မှာ ကျင်းပသွားမှာပါ။

အယ်လ်နာဆာအသင်းဟာ ဒီပွဲအပြီးမှာ ရာသီသစ် ဆော်ဒီပရိုလိဂ် အဖွင့်ပွဲစဉ်အဖြစ် အယ်လ်အီတီဖတ်အသင်းနဲ့ သြဂုတ် ၁၄ ရက်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail