CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၆

အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုရဲ့ ဟတ်ထရစ်ဂိုး အပါအဝင် အယ်လ်ဖာတက်ချ်အသင်းကို အဝေးကွင်းမှာ ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ရာသီသစ် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

အယ်လ်နာဆာအသင်းအတွက် နောက်ထပ် သွင်းဂိုး ၂ ဂိုးကို မာနေးက သွင်းယူခဲ့ပြီး ရော်နယ်ဒိုဟာ ဟတ်ထရစ်ဂိုး အပြင် မာနေးရဲ့ သွင်းဂိုးကိုပါ ဖန်တီးပေးသွားခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ ရာသီသစ် ဆော်ဒီပရိုလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲစလုံးမှာ အရေးနိမ့် ထားခဲ့တာကြောင့် ဒီပွဲမှာ အနိုင်ရဖို့ လိုအပ်ခဲ့လို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပြီး ဂိုးပြတ် နိုင်ပွဲရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဟတ်ထရစ်ကြောင့် ကစားသမားဘဝမှာ ဟတ်ထရစ် ရယူနိုင်ခဲ့တဲ့ အရေ အတွက် ၆၃ ကြိမ်အထိ ရှိလာခဲ့သလို လိဂ်ပြိုင်ပွဲမှာ ၂၁ ရာသီဆက်တိုက် ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကောင်းကိုလည်း ဆက်ပြီး ထိန်းသိမ်းနိုင်ခဲ့တာပါ။ 

ရော်နယ်ဒိုနဲ့ မာနေးကို တွေ့ရစဉ်

အယ်လ်နာဆာအသင်းဟာ ဒီပွဲမတိုင်ခင် ကြားရက်က ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း နိုင်ပွဲရယူခဲ့ ပြီး အုပ်စုအဆင့် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ဦးဆောင်မှုနဲ့အတူ အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲ မစတင်ခင်က အာရပ်ကလပ် ချန်ပီယံများဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူထားနိုင်ခဲ့တာပါ။ 

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်နာဆာအသင်းနဲ့ ဆုဖလားအောင်မြင်မှု မရယူနိုင်ခဲ့တာကြောင့် အခုရာသီ သစ်မှာတော့ ရယူနိုင်တဲ့ ဆုဖလားအားလုံးကို ရယူသွားဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ 

အခုဆိုရင် ရော်နယ်ဒိုဟာ အခုရာသီသစ်မှာ အယ်လ်နာဆာအသင်းအတွက် ၉ ပွဲ ပါဝင်ကစားထားပြီး ၉ ဂိုး သွင်းယူထားပါတယ်။

အယ်လ်နာဆာအသင်းဟာ သြဂုတ် ၂၉ ရက်မှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်ရှာဘတ်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail