CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၈

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ သူ့ရဲ့နာမည်ကျော် အောင်ပွဲခံဟန်ဖြစ်တဲ့ 'Siu' အောင်ပွဲခံဟန် ၁၂ နှစ်ပြည့်မှာ အယ်လ်နာဆာအသင်းအတွက် ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက ရီယိုအေဗီအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၂၅ ဂိုးသွင်းယူခဲ့တဲ့ အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ သူ့ရဲ့ ပေါ်တူဂီအသင်းဖော် ဂျာအိုဖီးလစ်နဲ့အတူ ဒီပွဲမှာ အတွဲညီပြီး သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့လက ပေါင် ၂၆ သန်းနဲ့ ချယ်လ်ဆီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ ဒီပွဲမှာ ရော်နယ်ဒိုအတွက် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။ 

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ဂိုးသွင်းယူထားတာကြောင့် အယ်လ်နာဆာအသင်းအတွက် ရာသီကြို ခြေစမ်းပွဲ ၂ ပွဲမှာ သွင်းဂိုး ၄ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ ရာသီသစ်မှာ အယ်လ်နာဆာအသင်းနဲ့အတူ ဆုဖလား ရယူနိုင်ဖို့ ဆန္ဒပြင်းပြနေသလို အသင်းဘက် ကလည်း နည်းပြ အပြောင်းအလဲအပြင် ကစားသမားသစ် အားဖြည့်မှုတွေ ပြုလုပ်ပေးနေတာပါ။ 

ရော်နယ်ဒိုကို တွေ့ရစဉ်

အယ်လ်နာဆာအသင်းဟာ အယ်လ်ဟီလယ်အသင်း နည်းပြဟောင်း ဂျော့ချ်ဂျီးဆပ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။ 

အယ်လ်နာဆာအသင်းဟာ ဘာစီလိုနာအသင်း နောက်ခံလူ အင်နီဂိုမာတီနက်ဇ်ကို ခေါ်ယူနိုင်တော့မှာ ဖြစ်သလို ဘရန်ဖို့ဒ်အသင်းက ဝီဆာကို ခေါ်ယူနိုင်ဖို့လည်း စိတ်ဝင်စားနေတာပါ။

ပြီးခဲ့တဲ့ရာသီက ဘရန်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၉ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဝီဆာကို ခေါ်ယူဖို့ နယူးကာဆယ်အသင်းကလည်း ပစ်မှတ်ထားနေပါတယ်။

အယ်လ်နာဆာအသင်းဟာ အက်စတွန်ဗီလာအသင်းကနေ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး ဒူရန်ကို အငှားနဲ့ ထွက်ခွာခွင့် ပေးခဲ့တာကြောင့် သူ့ရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူချင်နေတာပါ။ 

အယ်လ်နာဆာအသင်းဟာ သြဂုတ် ၁၀ ရက်မှာ အယ်လ်မီရီယာအသင်းနဲ့ ရာသီကြို ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ရှိပြီး ဒီပွဲပြီးရင် ဆော်ဒီစူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဟောင်ကောင်မှာ အယ်လ်အစ်တီဟတ်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

Source: Dailymail