CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈

တူနီးရှားအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ နေမာဟာ ဘရာဇီးလ်အသင်းအတွက် ၁ ဂိုးသွင်းယူပြီး နောက် လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံး ဂန္တဝင်ကစားသမားကြီး ပီလီရဲ့ စံချိန်ကို လိုက်မီဖို့ နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ ဘရာဇီးလ်အသင်းဟာ တူနီးရှားအသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ ဘရာဇီးလ် အတွက် ဂိုးတွေကို နေမာအပြင် ရစ်ချာလီဆန်၊ ပီဒရိုနဲ့ ရာဖင်ဟာက ၂ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး တူနီးရှား အတွက် ၁ ဂိုးကို တယ်လ်ဘီက သွင်းယူခဲ့တာဖြစ်ပါတယ်။

နေမာဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ဘရာဇီးလ်အတွက် သွင်းဂိုး ၇၅ ဂိုးအထိ ရှိသွားခဲ့တာပါ။ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဟာ ပီလီဖြစ်ပြီး ၇၇ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။

အဲဒါကြောင့် ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ဂန္တဝင်ကစားသမား ပီလီရဲ့ စံချိန်ကို လိုက်မီဖို့ သွင်းဂိုး ၂ ဂိုးသာ လိုအပ်တော့တာပါ။နေမာကိုယ်တိုင်ကလည်း ပီလီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောထားပါတယ်။နေမာက “ကျနော် သူ့ရဲ့စံချိန်ကို ကျော်ဖြတ်ဖို့ မျှော်လင့်ထားပါတယ်။ကျနော် ဒီ အကြောင်းကို အသင်းဖော်တွေနဲ့ စကားပြောပြီးပါပြီ။နောက်ဆုံးမှာ ကျနော် အဲ့ဒီနေရာကို ရောက်ရှိ မှာပါ” လို့ ပြောခဲ့တာပါ။

ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ တူနီးရှားနဲ့ပွဲမှာ ဂိုးသွင်းအပြီး အောင်ပွဲခံတာမှာ ငှက်ပျောသီး၊ အခြားအရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခြင်း ခံခဲ့ရပါတယ်။ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကတော့ ကွင်းအတွင်း မှာပဲ ဖြစ်ဖြစ်၊ ကွင်းအပြင်းမှာပဲဖြစ်ဖြစ် လူမျိုးရေးခွဲခြားတဲ့ ဒီလိုအပြုအမူတွေကို သည်းခံသွားမှာ မဟုတ် ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘရာဇီးလ်အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံရရှိနေပြီး ၂၀၂၂ ထဲမှာ ကစားထားတဲ့ ၈ ပွဲမှာ ၁ ပွဲသာ သရေကျပြီး ၇ ပွဲစလုံးအနိုင်ရရှိထားတာပါ။

တူနီးရှားနဲ့ပွဲဟာ ဘရာဇီးလ်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲလည်းဖြစ်ပါတယ်။ဘရာဇီးလ်အသင်းဟာ ဒီပွဲအပြီးမှာ ကမ္ဘာ့ ဖလားပွဲစဉ်တွေအဖြစ် ဆားဘီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal