CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၁

ရီးရယ်လ်အသင်းဟာ အဓိကဂိုးသမား ကော့တွိုက်စ် ဒဏ်ရာကြောင့် အနားယူရမှာဖြစ်လို့ ယူနိုက်တက် ဂိုးသမားဟောင်း ဒီဂီယာကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီဂီယာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်အတွက် သဘောတူညီမှုမရခဲ့တာကြောင့် ၁၂ နှစ်ကြာ မန်ချက် စတာ ကစားသမားဘဝကို အဆုံးသတ်ပြီး အသင်းကနေ ထွက်ခွာခဲ့တာပါ။
 စပိန်ဂိုးသမားဟာ ယူနိုက်တက် အသင်းအတွက် ပွဲပေါင်း ၅၄၅ ပွဲပါဝင်ကစားခဲ့ပြီး ပွဲ ၁၉၀ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်အပါအဝင် ဆုဖလားအောင်မြင်မှုတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ်အသင်းရဲ့ အဓိကဂိုးသမား ကော့တွိုက်စ်ဟာ လေ့ကျင့်မှုပြုလုပ်ရင်း ဒူးအရွတ်ဒဏ်ရာရခဲ့တာကြောင့် မကြာခင်ရက်ပိုင်းအတွင်းမှာ ခွဲစိတ်ကုသမှုခံယူရတော့မှာပါ။ အဲဒါကြောင့် စပိန်ကလပ်ဟာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဒီဂီယာကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေပြုလုပ်ခဲ့တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ ဒီဂီယာဟာ အရင်က ရီးရယ်လ်အသင်းထံပြောင်းရွှေ့ဖို့နီးစပ်ခဲ့ပေမယ့် မဖြစ်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာ ပြောင်းရွှေ့ခွင့်ရမယ့် အခွင့်အရေးရောက်ရှိလာခဲ့တာပါ။ 

ကော့တွိုက်စ်ဒဏ်ရာကြောင့် လက်ရှိအချိန်မှာ ရီးရယ်လ်အသင်းအတွက် ရွေးချယ်စရာအဖြစ် ယူကရိန်းဂိုးသမား လူနင်သာ ရှိတာဖြစ်ပါတယ်။ လူနင်ဟာ ပြီးခဲ့တဲ့ရာသီက ကော့တွိုက်စ်မပါဝင်နိုင်တဲ့ ပွဲတွေမှာ ရီးရယ်လ်အသင်း အတွက် လက်စွမ်းပြသနိုင်ခဲ့ပေမယ့် စပိန်ကလပ်ဟာ အပြောင်းအရွှေ့မပိတ်ခင် ဂိုးသမားသစ်တစ်ဦးရှာဖွေဖို့ အမြန်ဆုံးလုပ်ဆောင်နေတာပါ။ ရီးရယ်လ်အသင်းဟာ ဒီဂီယာအပြင် ချယ်လ်ဆီးအသင်းဂိုးသမား ကီပါ၊ ပီအက်စ်ဂျီ အသင်းဂိုးသမား နာဗတ်စ်နဲ့ ဆီဗီလာအသင်းဂိုးသမား ဘိုနိုတို့ကိုလည်း ဂိုးသမားသစ်အဖြစ် စဉ်းစားနေတယ်လို့ သိရပါတယ်။

ရီးရယ်လ်အသင်းဟာ သြဂုတ် ၁၂ ရက်မှာ စပိန်လာလီဂါအဖွင့်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဒီပွဲကိုတော့ လူနင်က ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ရဖွယ်ရှိနေပါတယ်။

Source:Goal