CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁ 

အခုနွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်နေတဲ့ တိုက်စစ်မှူး ဟာရီကိန်း အသင်းမှာ ဆက်ရှိမလားဆိုတာကို အတည်ပြုပေးဖို့ စပါးအသင်းနည်းပြသစ် ပိုစတီကိုဂလူးက ငြင်းဆန် သွားခဲ့ပါတယ်။

ပိုစတီကိုဂလူးက “ကျနော် ဒါနဲ့ ပတ်သက်ပြီး အာမခံချက် မရှိသလို၊ ဘာအာမခံချက်ကိုမှလည်း မျှော်လင့်လို့ မရပါ ဘူး။ ဒီလိုမျိုးကိစ္စတွေကို ခင်ဗျားဘယ်တော့မှ ဆုံးဖြတ်လို့ရမှာ မဟုတ်ပါဘူး။ ကျနော်ကတော့ အခုသိထားတဲ့ အရာတွေအတွက် အာရုံစိုက်ဖို့ ကြိုးစားနေပြီး ဟာရီကိန်းက အသင်းရဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်ပါတယ်။ ဟာရီကိန်းဟာ ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး ကျနော်ကတော့ သူ့ကို ဒီမှာရှိစေချင် ပါတယ်”လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အင်္ဂလန်အသင်း ခေါင်းဆောင်ကို ခေါ်ယူနိုင်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက စပါးအသင်းထံ ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ 

ဒါပေမယ့် စပါးအသင်းကတော့ ဟာရီကိန်းအတွက် သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးထက် နည်းပါးတာ ကြောင့် ဒီကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပါတယ်။ 

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးကို တွေ့ရစဉ်

ဘွန်ဒစ်လီဂါ လက်ရှိ ချန်ပီယံအသင်းဟာ ဟာရီကိန်းကို သူတို့ရဲ့ နံပါတ်တစ် ဦးစားပေးအဖြစ် သတ်မှတ်ထားတာ ကြောင့် အရခေါ်ယူနိုင်ဖို့ နောက်ထပ် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရှိနေတာပါ။

စပါးအသင်းနဲ့ ဟာရီကိန်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး လန်ဒန်ကလပ် အနေ နဲ့ အခုအပြောင်းအရွှေ့မှာ မရောင်းချရင် လာမယ့် ရာသီအကုန်မှာ အလွတ်နဲ့ ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။ 

စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းကတော့ ဟာရီကိန်းကို မရောင်းချချင်ဘဲ နောက်ထပ် စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်မှု ရှိနေတာပါ။

အသက် ၂၉ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ အခုရက်သတ္တပတ်ထဲမှာ ရာသီကြို လေ့ကျင့်မှုတွေ စတင်ပြုလုပ်နိုင်ဖို့ အတွက် စပါးအသင်းထံ ပြန်လာရမှာဖြစ်ပြီး နည်းပြ ပိုစတီကိုဂလူးနဲ့ စကားပြောသွားမယ်လို့လည်း သိရပါတယ်။ 

စပါးအသင်းဟာ ရာသီကြို ခရီးစဉ်အဖြစ် ဇူလိုင် ၁၄ ရက်မှာ သြစတြေးလျနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး ဟာရီကိန်းလည်း လိုက်ပါသွားဖွယ် ရှိနေပါတယ်။

Source: The Sun