CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁

ပြင်သစ်လက်ရွေးစင် အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ ဆော်ဒီကလပ် အသင်းတွေရဲ့ လုပ်ခလစာ အများအပြားရမယ့် ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး ဂျူဗင်တပ်စ်အသင်းမှာ ဆက်ရှိဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ ဆော်ဒီကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့ နောက်ဆုံး နာမည်ကျော် ကစားသမား ဖြစ်ပေမယ့် L'Equipe က သူဟာ လာမယ့်နှစ် ဂျာမနီမှာ ကျင်းပမယ့် ဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲမှာ နေရာရဖို့ တိုက်ပွဲဝင်လိုတဲ့ အတွက် တူရင်မှာ ဆက်နေချင်တယ်လို့ ဖော်ပြထားပါတယ်။

ပေါ့ဘာဟာ ဒဏ်ရာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ မပါဝင်နိုင်ခဲ့ပြီးနောက် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာလည်း ပါဝင်ခွင့် မရခဲ့ပါဘူး။

ပေါ့ဘာဟာ မကြာသေးခင်က ဆော်ဒီနိုင်ငံကို သွားရောက် လည်ပတ်ခဲ့ပြီးနောက် ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၃၀ အရွယ်ရှိ ပေါ့ဘာကတော့ သူဟာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ဆော်ဒီနိုင်ငံကို ရောက်ရှိနေတာလို့ ပြောခဲ့ပါတယ်။ 

ပေါ့ဘာကိုတွေ့ရစဉ်

ပေါ့ဘာဟာ ပြီးခဲ့တဲ့နှစ်က ဂျူဗင်တပ်စ်အသင်းထံ ပြန်လည်ရောက်ရှိခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် ပြိုင်ပွဲစုံ ၁၀ ပွဲသာ အကန့်အသတ်နဲ့ ပါဝင်ကစားနိုင်ခဲ့တာပါ။ 

ဒါပေမယ့် ပြင်သစ်ကစားသမားဟာ လာမယ့်ရာသီသစ်မှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်နေပြီး ဂျူဗင်တပ်စ်အသင်းရဲ့ အဓိက ကစားသမားဖြစ်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

အီတလီကလပ်ဟာ ပေါ့ဘာကို ဒဏ်ရာကြောင့်နဲ့ လုပ်ခလစာ အများကြီး ပေးချေရတယ်ဆိုတဲ့ အကြောင်းပြချက် တွေနဲ့ အခုနွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချနိုင်တယ်လို့ မကြာသေးခင်က သတင်းထွက်ပေါ် ခဲ့သေးတာပါ။

ယူနိုက်တက်ကစားသမားဟောင်းဟာ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာနိုင်ဖို့ တစ်ဦးချင်း လေ့ကျင့်ရေး အစီအစဉ်တွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ဇူလိုင်လ ၂၃ ရက် ဆန်ဖရန်စစ္စကိုမှာ ကစားမယ့် ဘာစီလိုနာအသင်းနဲ့ ခြေစမ်းပွဲမှာ ဂျူဗင်တပ် အသင်းအတွက် ပါဝင်ကစားခွင့်ရမယ်လို့ မျှော်လင့်နေတာပါ။ ဂျူဗင်တပ်စ်အသင်းဟာ ဒီပွဲအပြီးမှာ အေစီမီလန်၊ ရီးရယ်လ်အသင်းတို့နဲ့ ခြေစမ်းပွဲဆက်လက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Source: Goal