CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁

ယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနား အသင်းကွင်းလယ်လူ အမ်ရာဘတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ကြောင့် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့က အမ်ရာဘတ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပါတယ်။

ဒါပေမယ့် ခေါ်ယူဖို့ အဆင်မပြေခဲ့တာကြောင့် အခုအပြောင်းအရွှေ့မှာ သူတို့ရဲ့ စိတ်ဝင်စားမှုကို ပြန်လည် စတင် ခဲ့တာပါ။ 

အမ်ရာဘတ်ဟာ ပြီးခဲ့တဲ့နှစ်က ဖီအိုရင်တီးနားအသင်းကို ယူရိုပါကွန်းဖရန့်စ်လိဂ်နဲ့ ကိုပါအီတာလီယာဖလား ဗိုလ်လုပွဲ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့တာကြောင့် အီတလီကလပ်ဟာ ကစားသမားကို ရောင်းချဖို့ အစီအစဉ် မရှိခဲ့တာ ဖြစ်ပါတယ်။

အမ်ရာဘတ်ကို တွေ့ရစဉ်

ဒါပေမယ့် ဖီအိုရင်တီးနားအသင်းဟာ သူတို့ရဲ့ စိတ်ကိုပြောင်းလဲခဲ့ပြီး ကစားသမားကို ပေါင်သန်း ၃၀ ရရင် ရောင်း ချသွားဖို့ ရှိနေတာပါ။ 

ယူနိုက်တက်အသင်းဟာ ရာသီသစ်မှာ သူတို့ရဲ့ ကွင်းလယ်ကို ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နေတာကြောင့် အမ်ရာဘတ်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ဟာ ချယ်လ်ဆီးအသင်း ကွင်းလယ်လူ မေဆန်မောင့်ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူပြီးနောက် ရာသီသစ်အတွက် ကွင်းလယ်ပိုင်းကို စတင်အားဖြည့်ခဲ့တာပါ။

အမ်ရာဘတ်ဟာ ကွင်းလယ်ဗဟိုနဲ့ ခံစစ်ပိုင်းမှာ စွမ်းဆောင်ရည် ကောင်းတဲ့သူဖြစ်တာကြောင့် ယူနိုက်တက် အသင်းဟာ မော်ရိုကို ကွင်းလယ်လူကို ရွေးချယ်စရာအဖြစ် ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ 

အမ်ရာဘတ်နဲ့ ဖီအိုရင်တီးနားအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးတွေ ထွက်ပေါ်နေတာပါ။ 

ယူနိုက်တက်အသင်းဟာ ဘဏ္ဍာရေးမျှခြေ စည်းမျဉ်းကြောင့် ကုန်ကျစရိတ် သက်သာတဲ့ အမ်ရာဘတ်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အမ်ရာဘတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းကို  ဆီမီးဖိုင်နယ်အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။