CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂

နယ်သာလန်ဂိုးသမားဟောင်း ဗန်ဒါဆားဟာ အထူးကြပ်မတ်ကုသဆောင်မှာ ရှိနေသေးပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ကစားသမားရဲ့ ဇနီးဖြစ်သူ အန်နီမာရီ ပြောခဲ့တာကို အေဂျတ်စ်အသင်းက ထုတ်ပြန်ပေးခဲ့ ပါတယ်။

အေဂျတ်စ်အသင်းက “အက်ဒ်ဝင်ဗန်ဒါဆားဟာ အထူးကြပ်မတ်ကုသဆောင်မှာ ရှိနေသေးပေမယ့် တည်ငြိမ်မှု ရှိပါတယ်။ အသက်အန္တရာယ်လည်း စိုးရိမ်မှုမရှိတော့ပါဘူး။ သူ့ဆီကို သွားရောက်တဲ့အချိန်တိုင်းမှာလည်း သူက ဆက်သွယ်ပြောဆိုနိုင်ပါတယ်။ သူ့အခြေအနေ ဘယ်လောက်တိုးတက်လာမလဲဆိုတာကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရမှာပါ”လို့ ထုတ်ပြန်ခဲ့တာပါ။

ယူနိုက်တက်ဂိုးသမားဟောင်း ဗန်ဒါဆားဟာ ပြီးခဲ့တဲ့အပတ်က ခရိုအေးရှားမှာ အားလပ်ရက်သွားရောက်ချိန် ဦးနှောက်သွေးယိုစီးမှုဖြစ်ခဲ့တာကြောင့် ရဟတ်ယာဉ်နဲ့ ဆေးရုံကို အလျင်အမြန်ပို့ဆောင်ပေးခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ အချိန်တုန်းက ဗန်ဒါဆားရဲ့အခြေအနေဟာ စိုးရိမ်မှုတွေရှိနေသေးတာဖြစ်ပြီး အခုအချိန်မှာတော့ အသက် အန္တရာယ်စိုးရိမ်မှု မရှိတော့ပါဘူး။

နယ်သာလန်ဂိုးသမားဟောင်းဟာ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၃၀ ပါဝင်ကစားခဲ့ပြီး မေလကမှ အေဂျတ်စ်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။ အေဂျတ်စ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ဒတ်ချ်လိဂ်မှာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ဗန်ဒါဆားဟာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့တဲ့ ဗန်ဒါဆားဟာ ၂၀၁၂ ခုနှစ်မှာ အေဂျတ်စ်ဘုတ်အဖွဲ့ထဲမှာ ပါဝင်ခဲ့တာပါ။ ဗန်ဒါဆားဟာ ၂၀၁၆ ခုနှစ်မှာ အေဂျတ်စ်အသင်းရဲ့ အမှုဆောင် အရာရှိချုပ်ရာထူးကို ရယူကာ အသင်းကို အောင်မြင်မှုတွေရရှိအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ်ရှိ ဗန်ဒါဆားဟာ ယူနိုက်တက်အသင်းအတွက် ၂၆၆ ပွဲ ပါဝင်ကစားခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ် ၄ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြား ရယူပေးနိုင် ခဲ့ပါတယ်။

Source:DailyMail