CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၉

မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက အာဆင်နယ်အသင်း အနေနဲ့ ၇ နှစ်ကြာ ဝေးကွာခဲ့တဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ အဆင့် ၂ နဲ့ အဆုံးသတ်ခဲ့ရင် သူတို့အတွက် အောင်မြင်မှုလို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “အာဆင်နယ်က ချန်ပီယံလိဂ် ဝင်ခွင့်ရသွားပါပြီ။ ချန်ပီယံလိဂ်နဲ့ ၆ နှစ်၊ ၇ နှစ်ကြာဝေးပြီးမှ ပြန် လည် ယှဉ်ပြိုင်ရမှာက ဘယ်လောက်ထိ အဓိပ္ပါယ်ရှိလဲဆိုတာ အာဆင်နယ်အသင်း ပိုင်ရှင်တွေကို မေးကြည့်ပါ။ လာမယ့် ရာသီမှာဆိုရင် အာဆင်နယ်အသင်းဟာ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲမှာ ပါဝင်ရတော့မှာပါ။ ဒါက သူတို့အတွက် လုံးဝအောင်မြင်မှု တစ်ခုပါပဲ”လို့ ပြောပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက် ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းထက် ၂ မှတ်လျော့ နေပေမယ့် ပွဲကျန် ၂ ပွဲကစားဖို့ ကျန်ရှိနေတာက သူတို့ရဲ့ အားသာချက်အဖြစ် ရှိနေခဲ့တာပါ။

အာဆင်နယ်အသင်းဟာ အခုနှစ်ရာသီ အစောပိုင်းက အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ၈ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့လို့ ပရီးမီးယားလိဂ်ဖလားကို ၁၉ နှစ်အကြာမှ ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်ဖို့ ရေပန်းစားခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲ အပါအဝင် နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးပြီးနောက် ရမှတ်ကွာဟမှုတွေ လျော့နည်းလာခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာကို တွေ့ရစဉ်

အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့ပေမယ့် ၂၀၁၆-၁၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့တာကြောင့် ဂွာဒီယိုလာက ဒါကို အာဆင်နယ် အသင်းအနေနဲ့ ပျော်ရွှင်သင့်တယ်လို့ ယုံကြည်နေတာပါ။

ဒါအပြင် ဂွာဒီယိုလာက မန်စီးတီးအနေနဲ့ ချန်ပီယံဖြစ်ချင်ရင် အမှားယွင်းခံလို့ မရဘူးလို့လည်း ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “လူတွေက ဒီပြိုင်ပွဲပြီးဆုံးသွားပြီ၊ မပြီးဆုံးသေးဘူးဆိုပြီး ပြောနေကြပေမယ့် ကျနော်တို့ ကစားဖို့ ၇ ပွဲ ကျန်ပါသေးတယ်။ ကျနော်တို့ အီးမရိတ်စ်ကွင်းမှာ အနိုင်ရပြီးချိန်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ကွင်းဆီသွားပြီး သရေတစ်မှတ်သာ ရခဲ့ပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ အလွန်ဖွဲ့စည်းမှုကောင်းတဲ့ ဖူလ်ဟမ်အသင်း အိမ်ကွင်းမှာ သွားရောက် ကစားရမှာပါ။ အဲဒါကြောင့် ကျနော်တို့အတွက် ဘယ်လိုအရာကိုမှ ခွင့်ပြုချက် မရှိပါဘူး။ ကျနော်တို့ဟာ ချန်ပီယံဆုရအောင် ကြိုးစားဖို့ ဒီမှာရှိနေတာပါ။ ကျနော်တို့ဟာ အရှိန်အဟုန်ကောင်းနေသလို ခံစားချက်တွေကလည်း ကောင်းနေပေမယ့် ထပ်ပြီး သက်သေပြရပါမယ်”လို့ ပြောသွားပါတယ်။

မန်စီးတီးအသင်းဟာ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပြီး အသင်းဘက်က ဆုဖလားအားလုံး ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Source: Metro