CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ကိုပင်ဟေဂင်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်ရဲ့ ရလဒ်ကို ကျေနပ်တယ်လို့ ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက “အကြီးကျယ်ဆုံးကစားသမားတွေဟာ အကြီးကျယ်ဆုံးအဆင့်တွေမှာ ထွက်ပေါ်လာပါတယ်။ ဒီနေ့ကစားပုံဟာ ပြီးပြည့်စုံခဲ့ပြီး ရလဒ်ကို အလွန်ကျေနပ်ပါတယ်။ အသင်းအတွက် ကျနော်ဂုဏ်ယူမိပြီး တတိယဂိုးက ကျနော်တို့ကို အများကြီးအကူအညီပေးနိုင်ခဲ့ပါတယ်။ ပွဲမပြီးသေးတဲ့အတွက် အိမ်ကွင်းမှာ ပြီးဆုံးအောင်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပွဲအပြီး TNT Sports ကို ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ အဝေးကွင်းမှာကစားခဲ့ရတဲ့ ဒီပွဲမှာ ကိုပင်ဟေဂင်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် ဂိုးတွေကို ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဖိုဒန်တို့က သွင်းယူခဲ့ပြီး ကိုပင်ဟေဂင်အသင်းအတွက် ချေပဂိုးကို မတ်ဆန်က သွင်းယူခဲ့တာပါ။ မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာ ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၉ ပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲမှာနိုင်ပွဲအရှည်ကြာဆုံး ရယူနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကလပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ကိုပင်ဟေဂင်အသင်းနဲ့ပွဲမှာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂရီလစ်ရှ်နဲ့ ဘာနာဒိုဆေးလ်ဗား တို့ ဒဏ်ရာရရှိသွားခဲ့တာကြောင့် နည်းပြ ဂွာဒီယိုလာအတွက် စိုးရိမ်စရာတွေဖြစ်ခဲ့ရပါတယ်။

ဂွာဒီယိုလာက “ကျနော် ဆရာဝန်နဲ့ စကားမပြောရသေးပေမယ့် ဂရီလစ်ရှ်ဟာ ကြွက်သားဒဏ်ရာရရှိသွားတယ်လို့ ထင်ပါတယ်။ သူဟာ ကျနော်တို့ အကောင်းဆုံးကစားနိုင်အောင် ကူညီပေးခဲ့ပေမယ့် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဘာနာဒိုကတော့ ခြေကျင်းဝတ်ထိခိုက်မိခဲ့တာဖြစ်ပြီး အရမ်းကြီးမပြင်းထန်ဖို့ ကျနော်မျှော်လင့်တယ်” လို့ ပြောခဲ့တာပါ။

ပြိုင်ပွဲစုံနောက်ဆုံး ၁၁ ပွဲဆက်တိုက်နိုင်ပွဲရရှိထားတဲ့ မန်စီးတီးအသင်းဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ ပရီးမီးယား လိဂ်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Soure:ChannleNewsAsia