CNI Sprot News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းကစားသမားတွေဟာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ကစားမယ့်ပွဲမတိုင်မီ လေ့ကျင့်ရေးကွင်းထံ ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ်အလေးချိန်စစ်ဆေးသွားမယ်လို့ ပြောခဲ့ပါတယ်။ 

ဂွာဒီယိုလာက “၃ ရက်ကြာအနားယူပြီးနောက် သူတို့ရောက်ရှိလာချိန်မှာ သူတို့ဘယ်လိုပြန်လာမလဲဆိုတာ ကျနော်မြင်ချင်ပါတယ်။ အားလပ်ရက်အတွင်းမှာ သူတို့စားနိုင်ပေမယ့် သူတို့ကို ကျနော်ထိန်းချုပ်ချင်ပါတယ်။ သူတို့တွေအနေနဲ့ ၃ ကီလိုထက်အလေးချိန်တိုးပြီး ရောက်လာခဲ့ရင်တော့ မန်ချက်စတာမှာပဲ နေရမှာဖြစ်ပြီး ဖောရက်စ်နဲ့ပွဲကို လိုက်ရမှာမဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ ခရစ္စမတ်မတိုင်မီ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ 

 မန်စီးတီးအသင်းကစားသမားများအား တွေ့ရစဉ်

မန်ချက်စတာကလပ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲမတိုင်မီမှာ ကစားသမားတွေကို ကိုယ်အလေးချိန်စစ်ဆေးခဲ့သလို ခရစ္စမတ်နေ့မှာ လေ့ကျင့်မှုတွေပြုလုပ်ဖို့ ပြန်လာချိန် ထပ်ပြီးကိုယ်အလေးချိန် စစ်ဆေးသွားမှာဖြစ်ပါတယ်။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ ဒီရလဒ်တွေပေါ်မူတည်ပြီး နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ကစားမယ့်ပွဲအတွက် အသင်းလူစာရင်းကို ရွေးချယ်သွားမယ်လို့ ပြောခဲ့ပါတယ်။ 

ဂွာဒီယိုလာဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ နည်းပြအဖြစ်လူသိများပြီး နောက်ခံလူဟောင်းကလစ်ချီက သူဟာ ကစားသမားတွေကို ပီဇာ၊ဖျော်ရည်တချို့နဲ့ အစားအစားအချို့ကို ရှောင်ဖို့ ပြောထားတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၂ မှတ်အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းဟာ လာမယ့်လိဂ်ပွဲတွေအဖြစ် နော်တင်ဟမ်ဖောရက်စ်၊ ဆန်းဒါးလန်းအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။