CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃
အီဂျစ်အသင်းဟာ လီဗာပူးလ်ကြယ်ပွင့်ဆာလက်ရဲ့ မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ သွင်းယူတဲ့ဂိုးကြောင့် အာဖရိကဖလားပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ ဇင်ဘာဘွေအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ဇင်ဘာဘွေအသင်းက ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အီဂျစ်အသင်းအတွက် မန်စီးတီးအသင်းတိုက်စစ်မှူးအိုမာမာမွတ်ရှ်က ချေပဂိုးနဲ့ ဆာလက်က အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။
အာဖရိကဖလားကို ၈ ကြိမ်မြောက်ရရှိဖို့ ပစ်မှတ်ထားနေတဲ့ အီဂျစ်အသင်းနဲ့ ဆုဖလားကို ပထမဆုံးအကြိမ်ကိုင်မြှောက်ချင်နေတဲ့ ဆာလက်တို့ဟာ ၂၀၂၅ အာဖရိကဖလားပြိုင်ပွဲကို နိုင်ပွဲနဲ့စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အီဂျစ်အသင်းနည်းပြဟာဆန်က “ကျနော်တို့ဟာ ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးအများအပြားကို ဖြုန်းတီးခဲ့ပြီး ကံမကောင်းခဲ့ပါဘူး။ ဒါက ဘောလုံးဖြစ်ပြီး ကျနော်တို့ဟာ ဒီပွဲမှာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်။ အဖွင့်ပွဲစဉ်တွေက အမြဲတမ်းခက်ခဲတဲ့အတွက် နိုင်ပွဲရတာကြောင့် ကျေနပ်တယ်”လို့ ပြောခဲ့ပါတယ်။

အီဂျစ်အသင်းနဲ့ ဇင်ဘာဘွေအသင်း ယှဉ်ပြိုင်နေစဉ်
အီဂျစ်အသင်းတိုက်စစ်မှူးအိုမာမာမွတ်ရှ်ကလည်း သူတို့ဟာ စောစီးစွာဂိုးမသွင်းနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေအများအပြားဖန်တီးနိုင်ခဲ့ပြီး ဒီပွဲမှာ ဖြစ်ခဲ့တဲ့အရာတွေအားလုံးကနေ သင်ယူသွားမယ်လို့ ပြောခဲ့တာပါ။
အီဂျစ်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲရဲ့ အုပ်စု B မှာ တောင်အာဖရိက၊အန်ဂိုလာ၊ဇင်ဘာဘွေအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။
ဒီအုပ်စုရဲ့ နောက်ထပ်ပွဲစဉ်မှာ တောင်အာဖရိကအသင်းက အန်ဂိုလာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အုပ်စုအဖွင့်ပွဲစဉ်မှာ နိုင်ပွဲကိုယ်စီရယူထားခဲ့ကြတဲ့ အီဂျစ်နဲ့ တောင်အာဖရိကအသင်းတို့ဟာ ဒီဇင်ဘာ ၂၆ ရက်မှာ ထိပ်တိုက်တွေ့ဆုံမှာ ဖြစ်ပါတယ်။
