CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၀

တိုက်စစ်မှူး ဆာလက်ဟာ ဂါနာအသင်းနဲ့ ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် အီဂျစ်အသင်းရဲ့ ပွဲစဉ် ၂ ပွဲကို လွဲချော်မယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုလိုက်ပါတယ်။

ဆာလက်ဟာ အီဂျစ်အသင်းနဲ့ ဂါနာအသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ အာဖရိကဖလား အုပ်စုပွဲစဉ်ရဲ့ ပထမပိုင်း မပြီးခင်မှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာပါ။

ဆာလက်ရဲ့ ဒဏ်ရာ အခြေအနေကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ အသင်းရဲ့ လာမယ့်ပွဲစဉ် ၂ ပွဲကို လွဲချော်မယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဆာလက်ဟာ အီဂျစ်အသင်းရဲ့ အာဖရိကဖလား အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ကိတ်ဗာဒီအသင်းနဲ့ ပွဲစဉ်ကို လွဲချော်တော့မှာပါ။

ဒါ့အပြင် ဆာလက်ဟာ အီဂျစ်အသင်း ၁၆ သင်းအဆင့် တက်ခဲ့ရင်လည်း ဒီပွဲကို လွဲချော်ဦးမှာဖြစ်ပြီး ကွာတား ဖိုင်နယ် တက်ရောက်နိုင်မှသာ ပြန်လည်ပါဝင်နိုင်တော့မှာ ဖြစ်ပါတယ်။

အီဂျစ်အသင်းအနေနဲ့ အာဖရိကဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့် တက်ရောက်ဖို့အတွက် အုပ်စုနောက်ဆုံးပွဲစဉ် ဖြစ်တဲ့ ကိတ်ဗာဒီအသင်းနဲ့ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာပါ။ ကိတ်ဗာဒီအသင်းကတော့ အုပ်စုပွဲစဉ် ၂ ပွဲစလုံးအနိုင်ရပြီး ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆာလက်ဟာ အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ အီဂျစ်နဲ့ မိုဇမ်ဘစ်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ အီဂျစ်အသင်း အတွက် အဖိုးတန် ချေပဂိုးကို နောက်ဆုံးမိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ်ရှိ ဆာလက်ဟာ အီဂျစ်အသင်းအတွက် ၉၈ ပွဲ ပါဝင်ကစားထားပြီး ၅၆ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။ ဆာလက်ဟာ အီဂျစ်အသင်းနဲ့အတူ အာဖရိကဖလားပြိုင်ပွဲဗိုလ်လုပွဲကို ၂ ကြိမ်တက်နိုင်ခဲ့ပြီး ၂ ကြိမ် စလုံး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။

အီဂျစ်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၇ ကြိမ်ရရှိထားပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေကာ ၂၀၁၀ ခုနှစ်က ချန်ပီယံဆုကို နောက်ဆုံးအကြိမ် ရရှိထားတာဖြစ်ပါတယ်။

Source: BBC