CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၀

ပေါ်တူဂီနဲ့ အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်အတွက် ချီးမြှင့်တဲ့ Globe Soccer Awards ဆုပေးပွဲမှာ ဆု ၃ ဆုရရှိသွားခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီဆုပေးပွဲမှာ တစ်နှစ်တာ ဂိုးသွင်းအများဆုံး ကစားသမားဆု၊ အရှေ့ အလယ်ပိုင်း အကောင်းဆုံးကစားသမားဆုနဲ့ ပရိသတ်အကြိုက်ဆုံး ကစားသမားဆုတို့ကို ရရှိခဲ့တာပါ။

ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်ထဲမှာ ပေါ်တူဂီနဲ့ အယ်လ်နာဆာ အသင်းအတွက် ၅၉ ပွဲ ကစားပြီး ၅၄ ဂိုး သွင်းယူကာ ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီ၊ ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းနဲ့ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းတို့ကို ဂိုးအသာရပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုက “ဒီနေ့မှာ ဆု ၃ ဆု ရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျနော့်ကို နေ့တိုင်း ပိုကောင်းမွန်အောင် လုပ်ပေးခဲ့တဲ့ နည်းပြအဖွဲ့ဝင်တွေ၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီးတင်တယ်”လို့ အင်စတာဂရမ်မှာ ဆုရတဲ့ပုံတွေနဲ့အတူ တင်ထားခဲ့တာပါ။

ဒါ့အပြင် ရော်နယ်ဒိုက ဝေဖန်မှုတွေဟာ သူ့ကိုထိခိုက်ခြင်း မရှိသလို လူတွေရဲ့ သံသယဝင်မှုတွေကိုလည်း နှစ်သက်တယ်လို့ ဆုပေးပွဲမှာပြောခဲ့ပါတယ်။

Globe Soccer Awards ဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းက ရရှိခဲ့ပြီး အမျိုးသမီးကစားသမားဆုကို ဘာစီလိုနာအသင်း ကွင်းလယ်လူ ဘွန်မာတီက ရရှိခဲ့တာပါ။

အကောင်းဆုံးနည်းပြဆုကိုတော့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရရှိခဲ့ပါတယ်။ ဂွာဒီယိုလာဟာ မန်စီးတီး အသင်းကို ၂၀၂၃ ခုနှစ်ထဲမှာ ဆုဖလား ၅ လုံးအထိရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။

မန်စီးတီးအသင်းဟာ Globe Soccer Awards ဆုပေးပွဲမှာ ဆုအများအပြား သိမ်းပိုက်ခဲ့ပြီး ကလပ်အသင်းဆု၊ အကောင်းဆုံး ဂိုးသမားဆုကို အီဒါဆန်၊ အကောင်းဆုံး ကွင်းလယ်ကစားသမားဆုကို ရိုဒရီက ရရှိခဲ့တာဖြစ်ပါ တယ်။

Source: Sportskeeda