CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၁

လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလက်ဟာ အခုလထဲ ယှဉ်ပြိုင်မယ့် ခြေစမ်းပွဲပြိုင်ပွဲအတွက် အီဂျစ် လူစာရင်းကနေ ထွက်ခွာခဲ့ပါတယ်။

ဆာလက်ဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာကြောင့် UAE မှာကျင်းပမယ့် ပြိုင်ပွဲမှာ မရွေးချယ်ဘဲ အနားပေးဖို့ လီဗာပူးလ်အသင်းက အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုခဲ့တာပါ။ 

လီဗာပူးလ်အသင်းရဲ့ တောင်းဆိုမှုကို လျစ်လျူရှုပြီး အီဂျစ်အသင်းဟာ ဆာလက်ကို သူတို့ရဲ့ ကနဦး လူစာရင်းမှာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အီဂျစ်အသင်းရဲ့ အပြီးသတ် ၂၅ ဦး လူစာရင်းမှာတော့ ဆာလက် ပါဝင်လာခဲ့ခြင်းမရှိတော့တာပါ။ 

ဆာလက်ဟာ ပြီးခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ အီဂျစ်အသင်းအတွက် ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့တာကြောင့် လီဗာပူးလ်အသင်းထံ ပြန်လာပြီး ကုသမှုတွေခံယူခဲ့ရတာ ဖြစ်ပါတယ်။

ဆာလက်ကို တွေ့ရစဉ်

ဆာလက်ဟာ ဖေဖော်ဝါရီ ၁၇ ရက်မှာ ကစားတဲ့ ဘရန်ဖို့ဒ်အသင်းနဲ့ပွဲမှာ လီဗာပူးလ်အသင်းအတွက် ပါဝင်ကစား နိုင်ခဲ့ပေမယ့် ဒဏ်ရာထပ်ပြီး ရခဲ့တာကြောင့် အနားယူခဲ့ရပြီး စပါတာပရက်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှ ပြန်လည်ပါဝင် ကစားနိုင်ခဲ့တာပါ။ 

ဆာလက်ဟာ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အီဂျစ်အသင်းပါဝင်မယ့် Winsunited Cup ပြိုင်ပွဲကို အဘူဒါဘီမှာ မတ် ၂၂ ရက်ကနေ ၂၆ ရက်အထိ ကျင်းပ သွားမှာဖြစ်ပြီး နယူးဇီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဒီပွဲရဲ့ ရလဒ်ပေါ်မူတည်ပြီး အီဂျစ်အသင်းဟာ ခရိုအေးရှား ဒါမှမဟုတ် တူနီးရှားအသင်းတို့ပွဲစဉ်က အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

ဆာလက်ဟာ နိုင်ငံတကာပွဲစဉ် အချိန်အတွင်းမှာ လီဗာပူးလ်အသင်းနဲ့ လေ့ကျင့်မှုတွေဆက်ပြီး ပြုလုပ်ဖို့ ရှိနေတာပါ။

ဆာလက်ဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် ပွဲစဉ်တွေ အများအပြားကို လွဲချော်ခဲ့ပေမယ့် ၁၉ ဂိုး သွင်းယူပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ 

Source: BBC