CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး ဆာလက်ဟာ ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင် လီဗာပူးလ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့ပြီး လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဆာလက်ဟာ ပြီးခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ အီဂျစ်အသင်းအတွက် ပါဝင်ကစားရင်း တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် ပြိုင်ပွဲကနေ စောစီးစွာထွက်ခွာကာ လီဗာပူးလ်အသင်းမှာ ကုသမှုတွေ လာရောက်ခံယူခဲ့တာပါ။ 

ဆာလက်ဟာ ဒဏ်ရာရရှိတာနဲ့အတူ အာဖရိကဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့တာကြောင့် လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ် ၄ ပွဲ၊ ကာရာဘောင်းလိဂ်ဖလား ဆီမီးဖိုင်နယ်နှစ်ကျော့နဲ့ FA ဖလား ၂ ပွဲတို့ကို ပါဝင်ကစား နိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့် ဆာလက်ဟာ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်လည်ပါဝင်ခဲ့တာကြောင့် ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် ပါဝင်လာဖွယ်ရှိနေတာ ဖြစ်ပါတယ်။ 

ဆာလက်ကို တွေ့ရစဉ်

ပြီးခဲ့တဲ့ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ ဖျားနာနေတာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ဂိုးသမား အလီဆန်နဲ့ နောက်ခံလူ ဂျိုဂိုးမက်ဇ်တို့ကလည်း အသင်းနဲ့အတူ လေ့ကျင့်မှုတွေကို ပြုလုပ်နေပြီဖြစ်တာပါ။ 

ဖခင်သေဆုံးခဲ့တာကြောင့် ပြီးခဲ့တဲ့အပတ်က မြောက်အိုင်ယာလန်ကိုပြန်ခဲ့တဲ့ ညနောက်ခံလူ ဘရက်ဒလေလည်း အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာရရှိနေတဲ့ နောက်ခံလူ အာနိုးလ်နဲ့ ကွင်းလယ်လူ ဆိုဘော့ဇ်လိုင်းတို့ကတော့ လီဗာပူးလ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ 

အာနိုးလ်ဟာ ပြီးခဲ့တဲ့ ဘန်လေအသင်းနဲ့ပွဲမှာ ဒူးဒဏ်ရာ ပြန်ခံစားခဲ့ရလို့ ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ရတာပါ။ 

အာနိုးလ်ဟာ ဘရန်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်နိုင်ဖွယ်ရှိပေမယ့် ဘရက်ဒလေ ပြန်လာနိုင်ပြီဖြစ်လို့ လီဗာပူးလ် အသင်းအတွက် သတင်းကောင်း ဖြစ်ခဲ့ပါတယ်။ 

ဆာလက်ဟာ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ထားပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၄ ဂိုး သွင်းယူထားပြီး ၈ ဂိုးဖန်တီးထားတာပါ။ 

လီဗာပူးလ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ် ၂၄ ပွဲ ကစားအပြီးမှာ ရမှတ် ၅၄ မှတ်နဲ့ ဒုတိယနေရာက မန်စီးတီး အသင်းထက် ၁ ပွဲပို ကစားထားပြီး ရမှတ် ၂ မှတ်အသာရကာ အမှတ်ပေးဇယားကို ဦးဆောင်ထားတာ ဖြစ်ပါတယ်။

Source: Metro