CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၅

စပါတာပရက်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် ဂိုးသွင်းပြီး စံချိန်သစ် တင်နိုင်ခဲ့တဲ့ ဆာလက်ဟာ ဂိုးတွေသွင်းတာကို ရပ်တန့်မယ့်သူ မဟုတ်ဘူးလို့ နည်းပြ ကလော့ပ်က ပြောခဲ့ပါတယ်။

ကလော့ပ်က “ကျနော် သူနဲ့အလုပ် အတူတွဲလုပ်တာ ၇ နှစ်ကြာရှိပြီဖြစ်ပြီး ကျနော်တို့အတွက် လုံးဝမရှိတဲ့ ပြဿနာကတော့ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပါ။ သူ့ရဲ့ဆန္ဒတွေဟာ ရပ်တန့်ခြင်းမရှိသလို ဂိုးသွင်းချင်တဲ့ ဆန္ဒ ကလည်း ရပ်တန့်ခြင်းမရှိပါဘူး။ သူဟာ ဒီကိုရောက်ရှိလာကတည်းက ကဏ္ဍပေါင်းစုံမှာ တိုးတက်လာခဲ့တာပါ။ သူဟာ ရပ်တန့်သွားမယ့်သူ မဟုတ်ပါဘူး။ သူဟာ ဒဏ်ရာကြောင့် ဒီစံချိန်ကို စောစောစီးစီး မတင်နိုင်ခဲ့တာပါ။ သူ့ကို ပြန်ရတာဟာ ကျနော်တို့အတွက် အလွန်ကောင်းတယ်”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းက စပါတာပရက်အသင်းကို ၆ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယ အကျော့ပွဲစဉ်မှာ ဆာလက်ဟာ အသင်းအတွက် ၁ ဂိုး သွင်းယူပြီးနောက် ဒီရာသီသွင်းဂိုး ၂၀ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ 

ဆာလက်ကိုတွေ့ရစဉ်

အဲဒါကြောင့် ဆာလက်ဟာ လီဗာပူးလ်အသင်း သမိုင်းတစ်လျှောက် ၇ ရာသီဆက်တိုက် တစ်ရာသီ ဂိုးအနည်းဆုံး ၂၀ အထိ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။

ဆာလက်ဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် ရုန်းကန်နေရပေမယ့် အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပထမအကျော့ကလည်း စပါတာပရက်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၁၁ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။ 

စပါတာပရက်အသင်းနည်းပြ ဘရီယမ်ကတော့ သူတို့နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ အဆင့်ဟာ လုံးဝခြားနားနေပြီး လီဗာပူးလ်အသင်းဟာ ယူရိုပါလိဂ်မှာ မကစားသင့်ဘဲ ချန်ပီယံလိဂ်မှာသာ ကစားသင့်တယ်လို့ ပွဲအပြီးမှာ မှတ်ချက် ပေးခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနှစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းအဖြစ် ရှိနေတာပါ။

ဒီရာသီမှာ ဆုဖလား ၄ လုံးစလုံး ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ လီဗာပူးလ်အသင်းဟာ မတ်လ ၁၇ ရက်မှာ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Daily Mail