CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၄

နက်ရှ်ဗီလီအသင်းကို အနိုင်ရခဲ့တဲ့ ကွန်ကာကပ်ဖ် ချန်ပီယံဖလားပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ အသင်း ခေါင်းဆောင် မက်ဆီဟာ ဒီစီယူနိုက်တက်နဲ့ မေဂျာလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ အင်တာမိုင်ယာမီ အသင်းနည်းပြ မာတီနိုက ပြောခဲ့ပါတယ်။

မာတီနိုက “မက်ဆီဟာ စနေနေ့ ကစားမယ့် ပွဲကိုပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါက အခုအချိန်မှာ ကျနော် ပြောနိုင်တဲ့ တစ်ခုတည်းသောအရာပါ။ မကြာခင်မှာ စမ်းသပ်မှုတွေ ပြုလုပ်ပြီးရင်တော့ သူဘယ်လို ခံစားရလဲဆိုတာကို ကျနော်တို့သိရမှာပါ။ ကျနော်တို့ဟာ သူ့ကို ဘယ်လိုစွန့်စားမှုမှ မပြုလုပ်ချင်တာကြောင့် လူစားလဲခဲ့ရတာပါ”လို့ ပြောခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းက နက်ရှ်ဗီလီအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကွန်ကာကပ်ဖ် ချန်ပီယံဖလား ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ မက်ဆီဟာ အသင်းအတွက် ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ 

ဒါပေမယ့် မက်ဆီဟာ ဒုတိယပိုင်းပြန်စပြီး ၅ မိနစ်အကြာမှာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ မက်ဆီဟာ လူစားလဲခံရဖို့ ကွင်းထဲက ထွက်ခွာချိန်မှာ ဒဏ်ရာရရှိတဲ့ပုံ မပေါ်ပေမယ့် အသင်းကတော့ သူ့ရဲ့ ဒဏ်ရာ အခြေအနေကို သတိထားပြီး ချဉ်းကပ်နေတာပါ။

 မက်ဆီနဲ့ ဆွာရက်ဇ်ကို တွေ့ရစဉ်

အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့အပတ်က မွန်ထရီရယ်လ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲမှာ မက်ဆီကို အနားပေးခဲ့သေးတာ ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုကတော့ မက်ဆီဟာ အသင်းအတွက် ပွဲတိုင်း ပါဝင်ကစားနိုင်မှာ မဟုတ် ဘူးဆိုတာ ရာသီအစမှာ ကတည်းက သူတို့သိတယ်လို့ ပြောခဲ့တာပါ။

မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီ အသင်းအတွက် ၅ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုးသွင်းယူကာ ၂ ဂိုး ဖန်တီး ထားတာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ နက်ရှ်ဗီလီအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရပြီး ကွန်ကာကပ်ဖ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။

အင်တာမိုင်ယာမီအသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် စင်စင်နာတီနဲ့ မွန်ထရီရယ်လ်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN