CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ ထွက်ပေါ်နေတဲ့ တိုက်စစ်မှူး ဆာလတ် အသင်းမှာ ဆက်ရှိမှာကို သံသယမရှိဘူးလို့ ပြောလိုက်ပါတယ်။

ကလော့ပ်က “ကလပ်အတွက် ဆာလတ်ရဲ့ ကတိကဝတ်နဲ့ ပတ်သက်ပြီး ကျနော်ဘယ်တုန်းကမှ သံသယမရှိခဲ့ပါ ဘူး။ ဆာလတ်နဲ့ ပတ်သက်ပြီး ကျနော်တို့က အေးဆေးပါပဲ။ သူက ကျနော်တို့ရဲ့ ကစားသမားဖြစ်ပြီး သူကလည်း ဒီမှာကစားချင်ပါတယ်”လို့ အက်စတွန်ဗီလာ အသင်းနဲ့ပွဲအပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ဆာလတ်အတွက် ပေါင်သန်း ၁၅၀ နဲ့ ကမ်းလှမ်းခဲ့တာကို လီဗာပူးလ်အသင်းက ပယ်ချထားခဲ့ပြီး အီဂျစ်တိုက်စစ်မှူးကို ရောင်းချမှာ မဟုတ်ဘူးလို့ အခိုင် အမာ ပြောထားပါတယ်။ 

ဆော်ဒီပရိုလိဂ်ရဲ့ အပြောင်းအရွှေ့ဟာ စက်တင်ဘာ ၇ ရက်မှ ပိတ်မှာဖြစ်လို့ လီဗာပူးလ်အသင်းဟာ ဆာလတ် အတွက် အယ်လ်အစ်တီဟတ်အသင်းရဲ့ နောက်ထပ် ကမ်းလှမ်းမှုတွေ ခံရဖွယ်ရှိနေတာပါ။

ဆာလတ်ကို တွေ့ရစဉ်

လီဗာပူးလ်အသင်းက အက်စတွန်ဗီလာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဆာလတ်က ၁ ဂိုး သွင်းယူခဲ့ပြီး အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ဆာလတ်ဟာ အသင်းအတွက် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။ 

အက်စတွန်ဗီလာ အသင်းနဲ့ပွဲမှာ လီဗာပူးလ်အသင်း ကစားသမားဘဝ ပထမဆုံး ဂိုးသွင်းယူခဲ့တဲ့ ကွင်းလယ်လူ ဆိုဘော့စ်လိုင်းကလည်း ဆာလတ်အသင်းမှာ ဆက်ရှိမယ်လို့ ပြောခဲ့တာပါ။

ဆိုဘော့စ်လိုင်းက “ဆာလတ် ဒီမှာရှိနေတဲ့အတွက် ကျနော်တို့ တကယ်ပျော်ရွှင်ပါတယ်။ ဆာလတ်ကိုယ်တိုင် ကလည်း လီဗာပူးလ်အသင်းမှာပဲ ဆက်ရှိချင်နေတာပါ။ ဆာလတ်လို ကစားသမားမျိုးက ကျနော်တို့ အသင်း အတွက် တကယ်ကို လိုအပ်တဲ့သူပါ”လို့ ပြောခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဆာလတ်ဟာ အခုနှစ် ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် ၄ ပွဲစလုံး ပါဝင်ကစားခဲ့ပြီး ၂ ဂိုး သွင်းယူထားတာပါ။ 

၂၀၁၇ ခုနှစ်က ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆာလတ်ဟာ လီဗာပူးလ်အသင်းအတွက် ၁၈၈ ဂိုး သွင်းယူ ထားပြီး ကလပ်အသင်းရဲ့ ဂိုးသွင်းအများဆုံး နံပါတ် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: BBC