CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၆
ဘာစီလိုနာအသင်းဟာ ရာသီသစ် လာလီဂါပြိုင်ပွဲ မစတင်မီမှာ ရက်ရှ်ဖို့ဒ် အပါအဝင် ကစားသမား ၆ ဦးကို အသင်း လူစာရင်းထဲ စာရင်းသွင်းနိုင်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ လာခဲ့ပြီး ဒေဂူးအသင်းနဲ့ အာရှရာသီကြို ခြေစမ်းပွဲမှာ ၁ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
လာလီဂါပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ဘဏ္ဍာရေး အခြေအနေကြောင့် ရာသီတိုင်းမှာ ကစားသမားတွေကို လိဂ်ပြိုင်ပွဲ လူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက အော်လ်မိုနဲ့ ဗစ်တာတို့ကို စာရင်းသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရတာပါ။
သူတို့နှစ်ဦးဟာ ယာယီလိုင်စင်တွေနဲ့ ပြီးခဲ့တဲ့ ရာသီကုန်အထိ ဘာစီလိုနာအသင်းအတွက် ကစားခဲ့ရတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်း ကစားသမားတွေကို တွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ ၂၀၂၅-၂၆ ရာသီသစ် မစတင်မီမှာလည်း ဒီလို အခြေအနေတွေ ကြုံတွေ့နေရပေမယ့် အသင်းအကြီးအကဲ လာပေါ်တာကတော့ ကစားသမား ၆ ဦးကို လာလီဂါပြိုင်ပွဲအတွက် လူစာရင်းထဲ ထည့်သွင်း နိုင်မယ်လို့ ယုံကြည်နေတာပါ။
စပိန်သတင်းစာ SPORT က ဘာစီလိုနာအသင်းဟာ စပွန်ဆာ သဘောတူညီမှု အသစ်နဲ့ ရက်ရှ်ဖို့ဒ် အပါအဝင် ကစားသမား ၆ ဦးကို စာရင်းသွင်းနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဖော်ပြထားပါတယ်။
ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ဒ်၊ ဂိုးသမားသစ် ယိုအန်ဂါစီယာနဲ့ ဆက်ဇနီတို့ကို ရာသီသစ်အတွက် ဦးစားပေး စာရင်း သွင်းချင်နေတယ်လို့ သိရပါတယ်။
ပိုလန်ဂိုးသမားဆက်ဇနီနဲ့ ဘာစီလိုနာအသင်းရဲ့ ကာလတို စာချုပ်ဟာ ကုန်ဆုံးသွားခဲ့ပြီးနောက် စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့အတွက် ပြန်လည် စာရင်းသွင်းဖို့ လိုအပ်တာပါ။
ဘာစီလိုနာအသင်းဟာ ကစားသမားသစ် ရွန်နီနဲ့အတူ နောက်ထပ်ကစားသမား ၃ ဦးကိုလည်း အသင်းကြီး လူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ စီစဉ်ထားပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့် ယိုအန်ဂန်ပါ ဖလားပွဲမတိုင်မီ လာလီဂါမှာ ကစားသမား စာရင်းသွင်းမှုကို အပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေတာပါ။
ဘာစီလိုနာအသင်းဟာ လာလီဂါ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၆ ရက်မှာ မာယော့ကာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail