CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၆

အင်္ဂလန်နောက်ခံလူ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီး သူ့ရဲ့ကစားသမားဘဝကို အသင်းမှာ အဆုံးသတ်ဖို့ ဆန္ဒရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ မက်ဂွဲယားကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်နဲ့ အီတလီကလပ် အသင်းတွေ အပါအဝင် အသင်းအချို့ရဲ့ ကမ်းလှမ်းမှုရရှိခဲ့တာကို ပယ်ချထားတာပါ။ 

ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁၉၀,၀၀၀ ရရှိနေတဲ့ အသက် ၃၂ နှစ်အရွယ်ရှိ မက်ဂွဲယားရဲ့ စာချုပ် ဟာ လာမယ့်ရာသီကုန်ရင် ကုန်ဆုံးပြီ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က လက်စတာအသင်းကနေ ပေါင်သန်း ၈၀ နဲ့ ရောက်ရှိလာခဲ့တဲ့ မက်ဂွဲယားဟာ ယူနိုက်တက်အသင်း မှာ ဆက်ရှိဖို့ စိတ်အားထက်သန်နေတာပါ။ 

ယူနိုက်တက်အသင်းနဲ့ မက်ဂွဲယားတို့ဟာ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ မပြုလုပ်ရသေးပေမယ့် ကလပ် အသင်းဘက်ကလည်း သူ့ကိုအသင်းမှာ ဆက်ပြီးထိန်းထားချင်တာကြောင့် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ ရဲ့ ချဉ်းကပ်မှုတွေကို ပယ်ချခဲ့တာဖြစ်ပါတယ်။ 

မက်ဂွဲယားဟာ ယူနိုက်တက်အသင်းမှာ ဝေဖန်မှု အများအပြားခံခဲ့ရပြီး အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရသလို အသင်းပြောင်းဖို့ နီးစပ်ခဲ့သေးတာပါ။ ၏

မက်ဂွဲယားကိုတွေ့ရစဉ်

ဒါပေမယ့် မက်ဂွဲယားဟာ နောက်ပိုင်းမှာ အကောင်းဆုံးပုံစံတွေ ပြသနိုင်ခဲ့ပြီး နည်းပြအာမိုရင်ရဲ့ အဓိက ကစားသမားအဖြစ် ရှိနေတာဖြစ်ပါတယ်။ 

မက်ဂွဲယားဟာ ရာသီသစ်မတိုင်မီ ယူနိုက်တက်အသင်းရဲ့ ခေါင်းဆောင် အစုအဖွဲ့ထဲမှာ ထည့်သွင်းခြင်း ခံထားရပြီး အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် မပါဝင်နိုင်ချိန်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရမှာပါ။ 

မက်ဂွဲယားဟာ ယူနိုက်တက်အသင်းအတွက် ၂၄၆ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုးသွင်းယူကာ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၆၄ ပွဲ ကစားထားပြီး ၇ ဂိုးသွင်းယူထားပါတယ်။ 

ရာသီသစ်အတွက် ပြင်ဆင်နေတဲ့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် မတိုင်မီ နောက်ဆုံး ခြေစမ်းပွဲအဖြစ် သြဂုတ် ၉ ရက်မှာ ဖီအိုရင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 

Source: Goal