CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၈

အာဆင်နယ်အသင်း ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားဟာ လစ်လပ်နေတဲ့ အသင်းရဲ့ ယူ-၂၁ နည်းပြချုပ် ရာထူး ရယူပြီး ငယ်ဘဝကလပ်ထံ ပြန်လာဖွယ်ရှိနေပါတယ်။ 

အာဆင်နယ်အသင်းဟာ ဘရန်ဖို့ဒ်အသင်းမှာ အသင်းကြီး နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ထွက်ခွာခဲ့ တဲ့  မီမတ်အလီရဲ့ နေရာမှာ ယူ-၂၁ နည်းပြချုပ်သစ် ခန့်အပ်ဖို့ ရှာဖွေနေတာပါ။ 

ဝီလ်ရှိုင်းယားဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် အာဆင်နယ်အသင်းမှာ ယူ-၁၈ နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ပေမယ့် ချန်ပီယံရှစ်ကလပ် နော်ဝစ်ချ်အသင်းမှာ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ဖို့ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ 

ဝီလ်ရှိုင်းယားဟာ ပြီးခဲ့တဲ့ ဧပြီက နော်ဝစ်ချ်အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပေမယ့် ကလပ်အသင်းက အမြဲတမ်း နည်းပြအဖြစ် လီယန်မန်နင်းကို ခန့်အပ်ခဲ့ပြီးနောက် ချန်ပီယံရှစ်ကလပ်ရဲ့ နည်းပြအဖွဲ့ထဲကနေ ထွက်ခွာခဲ့တာပါ။ 

ဝီလ်ရှိုင်းယားကို တွေ့ရစဉ် 

အသက် ၃၃ နှစ်အရွယ်ရှိ ဝီလ်ရှိုင်းယားဟာ နောက်ထပ် အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ အဆင်သင့် ဖြစ်နေချိန် မှာ အာဆင်နယ်အသင်းထံ ပြန်လာဖို့ အလားအလာ ရှိနေတာဖြစ်ပါတယ်။ 

ဝီလ်ရှိုင်းယားဟာ အာဆင်နယ် ယူ-၁၈ အသင်းကို ကိုင်တွယ်ခဲ့ချိန်က ၂၀၂၃ FA Youth Cup ဗိုလ်လုပွဲ ရောက်ရှိ အောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး အာဆင်နယ်အသင်းဟာ ယူ-၂၁ နည်းပြချုပ် ရာထူးအတွက် တိကျတဲ့ ဆုံးဖြတ်ချက် ချရခြင်း မရှိသေးပါဘူး။

ဝီလ်ရှိုင်းယားဟာ ပလိုင်မောက်အသင်းရဲ့ နည်းပြရာထူးအတွက် အင်တာဗျူး ဖြေခဲ့ပေမယ့် လိဂ်ဝမ်းကလပ်ဟာ ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်း ကလီဗာလေကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။ 

ဝီလ်ရှိုင်းယားဟာ အသင်းကြီးတစ်သင်းကို အမြဲတမ်းနည်းပြအဖြစ် ကိုင်တွယ်ဖို့ ဆန္ဒရှိနေပေမယ့် အာဆင်နယ် အသင်းထံ ပြန်လာခွင့်ရမယ့် အခွင့်အရေးကိုလည်း လက်လွှတ် မခံချင်ဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

Source: Goal