CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅

ယူနိုက်တက်အသင်း နောက်ခံလူဟောင်း အီဗရာက နောက်ခံလူ မက်ဂွဲယားကို အသင်းခေါင်းဆောင် လက်ပတ် ပြန်ပေးဖို့ နည်းပြအာမိုရင်ကို ပြောခဲ့ပါတယ်။

အီဗရာက “မက်ဂွဲယားကို အသင်းခေါင်းဆောင် လက်ပတ် ပြန်ပေးလိုက်ပါ။ သူဟာ ခံနိုင်ရည်စွမ်းရှိသလို ခေါင်းဆောင်မှုပိုင်းကိုလည်း ပြသခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။ 

မက်ဂွဲယားဟာ လက်စတာအသင်းကနေ ရောက်ရှိလာပြီးနောက် လအနည်းငယ်အကြာမှာ ယူနိုက်တက်အသင်း ခေါင်းဆောင်ရာထူးကို ရရှိခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ နည်းပြဟောင်း အဲရစ်တန်ဟတ်က သူ့ကို အသင်းခေါင်းဆောင် ရာထူးကနေ ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်ဟာ အသင်းမှာ ခြေစွမ်းပြသနေတဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင် ရာထူး ပေးခဲ့တာပါ။ 

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးကတည်းက ခြေစွမ်းပြသနေပေမယ့် သူ့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်အပေါ် ဝေဖန်မှု အများအပြား ရှိနေခဲ့တာဖြစ်ပါတယ်။ 

မက်ဂွဲယားနဲ့ ဘရူနိုကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ကလည်း အသင်းမှာ ခေါင်းဆောင်မှုပိုင်း ကင်းမဲ့နေတယ်လို့ ဝန်ခံခဲ့တာပါ။ 

အာမိုရင်ဟာ နောက်ခံလူ မက်ဂွဲယားကို စာချုပ်သက်တမ်းတိုးတဲ့ ဆုံးဖြတ်ချက်ကို ပြောနေချိန်အတွင်းမှာ သူ့ကို ခေါင်းဆောင်တစ်ဦးအဖြစ် ဖော်ပြခဲ့ပါတယ်။

အဲဒါကြောင့် အီဗရာက မက်ဂွဲယားကို အသင်းခေါင်းဆောင် လက်ပတ် ပြန်ပေးဖို့ ပြောသွားခဲ့တာပါ။ 

မက်ဂွဲယားဟာ ယူနိုက်တက်အသင်းရဲ့ စာချုပ်သက်တမ်းတိုးမှုကြောင့် အသင်းမှာ ၂၀၂၆ ခုနှစ်နွေရာသီအထိ ဆက်ပြီးရှိနေတော့မှာ ဖြစ်ပါတယ်။ 

မက်ဂွဲယားဟာ ယူနိုက်တက်အသင်းမှာ အနာဂတ် မရေမရာဖြစ်ခဲ့ပေမယ့် နည်းပြအာမိုရင် လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့်ကို ရရှိနေတာပါ။ 

အသက် ၃၁ နှစ်အရွယ်ရှိ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းအတွက် ၂၂၂ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုးသွင်း ယူထားတာ ဖြစ်ပါတယ်။ 

Source: Metro