CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀
ယူနိုက်တက်အသင်းနောက်ခံလူ မက်ဂွဲယားက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့ကစားသမား ၂၆ ဦးပါ လူစာရင်းမှာ ရွေးချယ်ခံရဖို့မျှော်လင့်နေပြီး သူဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မက်ဂွဲယားက “ဒါက ကျနော့်ရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ ကျနော်ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးပေမယ့် ပြီးခဲ့တဲ့ ၂ နှစ်က ဒဏ်ရာကြောင့် ယူရိုပြိုင်ပွဲကို လွဲချော်ခဲ့တဲ့အတွက် အလွန်နာကျင် ခဲ့ရပါတယ်။ နည်းပြက ကျနော့်ကို ကစားစေချင်တဲ့ ဘယ်အခန်းကဏ္ဍမဆို ကစားချင်သလို ပွဲအချိန် ပါဝင်ခွင့်ရတာပဲ ဖြစ်ဖြစ်ပါ” လို့ အိုင်ယာလန်ရှိ အသင်းလေ့ကျင့်ရေးစခန်းမှာ ဗြိတိန်မီဒီယာတွေကို ပြောခဲ့တာပါ။
မက်ဂွဲယားဟာ နည်းပြတူချယ်လ်လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် ဥရုဂွေး၊ ဂျပန်အသင်းတို့နဲ့ ကစားခဲ့တဲ့ မတ်လ နိုင်ငံတကာခြေစမ်းပွဲမှာ အင်္ဂလန်အသင်းလူစာရင်းထဲ ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းနောက်ခံလူ မက်ဂွဲယားကိုတွေ့ရစဉ်
နည်းပြတူချယ်လ်ဟာ မက်ဂွဲယားရဲ့စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပေမယ့် သူဟာ အင်္ဂလန်အသင်းမှာ ဦးစားပေးနောက်ခံလူမဟုတ်ဘူးလို့ ပြောခဲ့တာပါ။
အဲဒါကြောင့် မက်ဂွဲယားဟာ ကွန်ဆာ၊ ဂူဟီ၊ ဂျွန်စတုန်းစ်၊ ချာလိုဘာတို့နဲ့ နေရာအတွက် ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့် သူကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။
မက်ဂွဲယားဟာ မကြာသေးမီကမှ ယူနိုက်တက်အသင်းမှာ ၂၀၂၇ ရာသီကုန်အထိ ရှိမယ့်စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ပါဝင်ပါတယ်။
ယာယီနည်းပြ ကာရစ်လက်ထက်မှာ ယူနိုက်တက်အသင်းအတွက် ပွဲတိုင်းပါဝင်ကစားထားတဲ့ မက်ဂွဲယားဟာ ဘုန်းမောက်အသင်းနဲ့ပွဲမှာ ပြသခံခဲ့ရတဲ့ အနီကတ်ကြောင့် လိဒ်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။
