CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၄

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က မန်စီးတီးအသင်းနဲ့ ကစားမယ့် FA ဖလားဗိုလ်လုပွဲမှာ နောက်ခံလူ မက်ဂွဲယား ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ အတည်ပြု သွားခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ဗိုလ်လုပွဲမှာ မက်ဂွဲယား ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ မေဆန်မောင့်၊ လင်ဒီလော့ဖ်နဲ့ မာရှယ်တို့ ကတော့ ဒီပွဲကို ပါဝင်နိုင်မယ်လို့ ထင်ပါတယ်။ ဒီပွဲအတွက် နောက်ဆုံး လေ့ကျင့်မှု ပြုလုပ်ပြီးရင်တော့ ကျနော်တို့ နောက်ဆုံး ဆုံးဖြတ်ချက်တွေ ချရမှာပါ။ အခုအချိန်မှာပြောရရင်တော့ သူတို့တွေကို ကြည့်ရတာ ကောင်းပါတယ်” လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားသွားပါတယ်။

မက်ဂွဲယားဟာ ဧပြီ ၂၇ ရက်က အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ ၁ ဂိုးစီ သရေကျတဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် နောက်ဆုံး ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ 

အင်္ဂလန်နောက်ခံလူဟာ ပေါင်ခြံဒဏ်ရာကြောင့် ယူနိုက်တက်အသင်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲ စလုံး ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ 

မက်ဂွဲယား ကိုယ်တိုင်ကလည်း FA ဖလားဗိုလ်လုပွဲမှာ သူမပါဝင်နိုင်မှာကို စိုးရိမ်မိတယ်လို့ ပြီးခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

မက်ဂွဲယားကို တွေ့ရစဉ်

အခုအချိန်မှာတော့ နည်းပြ အဲရစ်တန်ဟတ်က မက်ဂွဲယား မပါဝင်နိုင်ဘူးဆိုတာကို အတည်ပြုသွားခဲ့ပါတယ်။ 

မက်ဂွဲယား မပါဝင်နိုင်ပေမယ့် ဗဟိုနောက်ခံလူတွေဖြစ်တဲ့ ဗာရန်း၊ လီဆန်ဒရိုမာတီနက်ဇ်၊ အီဗန်စ်တို့ ကြံ့ခိုင်မှု အပြည့်ရှိနေတာကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ သူတို့ကို ပွဲထွက် လူစာရင်းမှာ အသုံးပြုဖို့ ရှိနေတာပါ။ 

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ် FA ဖလားဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် ဒီနှစ် ဗိုလ်လုပွဲမှာ ပြန်လည် အနိုင်ယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ FA ဖလားကို ၂၀၁၆ ခုနှစ်က နောက်ဆုံးအကြိမ် ရယူနိုင်ခဲ့ပြီး ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁၂ ကြိမ် ရယူထားနိုင်တာပါ။ 

လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၇ ကြိမ် ရယူထားတာ ဖြစ်ပါတယ်။

Source: Metro