CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၂၄

အေစီမီလန်အသင်း တိုက်စစ်မှူး ဂီရော့ဒ်ဟာ နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှာ ပြင်သစ် လက်ရွေးစင်အသင်းကနေ အနားယူမယ်လို့ ပြောလိုက်ပါတယ်။

ဂီရော့ဒ်က “ရိုးရိုးသားသားပြောရရင် ယူရို ၂၀၂၄ ပြိုင်ပွဲဟာ ပြင်သစ်အသင်းအတွက် ကျနော့်ရဲ့ နောက်ဆုံးပြိုင်ပွဲပါ။ ကျနော် အများကြီးကို လွမ်းနေတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ လူငယ်တွေအတွက် လမ်းဖွင့်ပေးဖို့ လိုအပ်ပါတယ်။ ကျနော့် ခန္ဓာကိုယ်က ကျနော့်ကို တောင်းဆိုရင် ရပ်တန့်မယ်ဆိုတာ အမြဲတမ်း ပြောဖူးပါတယ်။ ကျနော် ၂ နှစ်လောက် ကစားဖို့ရှိနေသေးပေမယ့် ပြင်သစ်အသင်းအတွက်တော့ ယူရိုပြိုင်ပွဲအပြီးမှာ ပြီးဆုံးမယ်”လို့ L'Equipe နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဂီရော့ဒ်ဟာ ပြင်သစ်အသင်းမှာ ၂၀၁၁ ခုနှစ်ကတည်းက စတင်ပွဲဦးထွက်ခွင့် ရခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ၁၃၁ ပွဲ ကစားထားတာမှာ ၅၇ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။ 

အသက် ၃၇ နှစ်အရွယ်ရှိ ဂီရော့ဒ်ဟာ ပြင်သစ်အသင်းသမိုင်းမှာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နေတာပါ။ အေစီမီလန်အသင်း ကစားသမားဟာ ၂၀၁၈ ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ ပြင်သစ်အသင်းမှာ အဓိက အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဂီရော့ဒ်ကို တွေ့ရစဉ် 

ဂီရော့ဒ်ဟာ ပြင်သစ်အသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ရင် သူ့ရဲ့နိုင်ငံအသင်း ကစားသမား ဘဝဟာ ပြီးပြည့်စုံသွားမှာပါ။ 

ဂီရော့ဒ်ဟာ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ ပြင်သစ်အသင်းမှာ ပါဝင်ခဲ့ပေမယ့် ပေါ်တူဂီအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်တဲ့ ပြင်သစ်အသင်းဟာ ဒီပြိုင်ပွဲမှာ သြစတြီးယား၊ နယ်သာလန်၊ ပိုလန်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။

ဂီရော့ဒ်ဟာ ပြင်သစ်အသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်အပြီးမှာ မေဂျာလိဂ်ကလပ် LAFC အသင်းထံ သွားရောက်ကစားမှာ ဖြစ်ပါတယ်။

Source: CNA