CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀

အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ်ကစားခဲ့တဲ့ ပြင်သစ်နဲ့ စပိန်အသင်းတို့ပွဲစဉ်မှာ စပိန်အသင်းက အချိန်ပိုမှာ ၅ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ရွှေတံဆိပ်ရရှိသွားခဲ့ပါတယ်။ 

ဒီပွဲမှာ ပြင်သစ်အသင်းက မီလော့ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် စပိန်အသင်းအတွက် ဖာမင်လိုပက်ဇ်က ၂ ဂိုး၊ ဘေနာက ၁ ဂိုးသွင်းယူခဲ့လို့ ပထမပိုင်းအပြီးမှာ စပိန်အသင်းက ၃ ဂိုး-၁ ဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။ 

ဒုတိယပိုင်းမှာတော့ အိမ်ရှင် ပြင်သစ်အသင်းဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့လို့ ပွဲပြီးခါနီးတွေမှာ အက်လီအူချီနဲ့ မာတီတာတို့က ဂိုးသွင်းနိုင်ခဲ့ပြီး ပွဲချိန်အတွင်း ၃ ဂိုးစီသရေနဲ့ အချိန်ပိုဆက်ပြီး ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

အချိန်ပိုမှာတော့ လူစားဝင်လာတဲ့ ကာမယ်လိုက စပိန်အသင်းအတွက် အနိုင်ဂိုး ၂ သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ စပိန်အသင်းက ပြင်သစ်အသင်းကို ၅ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး အိုလံပစ်ရွှေတံဆိပ်ကို ရရှိသွားခဲ့တာပါ။ 

ပြင်သစ်နဲ့စပိန်ယှဉ်ပြိုင်နေစဉ်

စပိန်အသင်းဟာ ၁၉၉၂ ဘာစီလိုနာအိုလံပစ်ပြိုင်ပွဲနောက်ပိုင်း အိုလံပစ်ရွှေတံဆိပ်ဆုကို ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

စပိန်အသင်းနည်းပြ ဆန်တီဒီနီယာက ကစားသမားတွေဟာ ဒီလိုအောင်မြင်မှုကို ရယူနိုင်ဖို့ အများကြီးကြိုးစားခဲ့ရလို့ သူတို့ဟာ ရွှေတံဆိပ်ရဖို့ထိုက်တန်တယ်လို့ ပြောခဲ့တာပါ။ 

ပြင်သစ်အသင်းနည်းပြ အွန်နရီက သူတို့ဟာ ဒီရလဒ်မျိုးကို မလိုချင်ပေမယ့် ဆုတံဆိပ်ရယူနိုင်ခဲ့ပြီး သူတို့လုပ်နိုင်ခဲ့တဲ့ အလုပ်အတွက်ဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။ 

ပြင်သစ်အသင်းဟာ အိမ်ရှင်ပရိသတ်တွေအရှေ့မှာ ၁၉၈၄ အမေရိကန်အိုလံပစ်ပြိုင်ပွဲ နောက်ပိုင်း ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။ 

စပိန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး အခုအိုလံပစ် ပြိုင်ပွဲမှာပါ ရွှေတံဆိပ်ရယူနိုင်ခဲ့တာကြောင့် နိုင်ငံတကာ အောင်မြင်မှုတွေကို ဆက်တိုက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source:ESPN