CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀

ယူနိုက်တက်အသင်း ဂိုးသမားဟောင်း ဒီဂီယာဟာ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ၁ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ ဒီဂီယာဟာ အသင်းအများအပြားနဲ့ သတင်းထွက်ခဲ့ပေမယ့် နောက်ဆုံးမှာ ဖီအိုရင်တီးနားအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာပါ။ 

ဖီအိုရင်တီးနားအသင်းဟာ ဒီဂီယာရဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ် ၁ နှစ်သက်တမ်း တိုးခွင့်ရှိနေတာဖြစ်ပါတယ်။ 

စပိန်ဂိုးသမားဟောင်း ဒီဂီယာဟာ ယူနိုက်တက်အသင်းမှာ ၁၂ နှစ်ကြာ ပွဲပေါင်း ၅၄၅ ပွဲကစားခဲ့ပြီး ပရီးမီးယားလိဂ်၊FA ဖလား၊ယူရိုပါလိဂ်နဲ့ ကာရာဘောင်းဖလား ရယူနိုင်ခဲ့တာပါ။ 

ဖီအိုရင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲမှာ အဆင့် ၈ နဲ့ ရာသီအဆုံးသတ်ခဲ့ပြီး ၂၀၀၁ ခုနှစ်က ဆုဖလားနောက်ဆုံးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဖီအိုရင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ နှစ်ရာသီဆက်တိုက် ယူရိုပါကွန်းဖရန့်လိဂ် ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့တာပါ။

ဒီဂီယာကို တွေ့ရစဉ်

 ဒီရာသီမှာလည်း ဖီအိုရင်တီးနားအသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပလေးအော့ဖ်အဆင့်ကနေ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

ဖီအိုရင်တီးနားအသင်းဟာ ဒီဂီယာကို ကစားသမားသစ်အဖြစ် အီတလီမီဒီယာတွေအရှေ့မှာ တနင်္လာနေ့ မိတ်ဆက်သွားမယ်လို့လည်း သိရပါတယ်။ 

ဖီအိုရင်တီးနားအသင်းဟာ လက်ရှိအချိန်မှာ ရာသီသစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီး ခြေစမ်းပွဲတွေ ယှဉ်ပြိုင်နေတာပါ။ 

ဖီအိုရင်တီးနားအသင်းဟာ သြဂုတ် ၁၇ ရက်မှာ စီးရီးအေရာသီသစ်အဖွင့်ပွဲစဉ်အဖြစ် ပါးမားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source:BBC