CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ လာမယ့်စက်တင်ဘာမှာယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းရဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေကို ကိုင်တွယ်ဖို့အတွက် လီကာစလေကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ 

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီး ၂ ရက်အကြာမှာ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာပါ။ 

အဲဒါကြောင့် အင်္ဂလန် ယူ-၂၁ အသင်းနည်းပြ လီကာစလေဟာ ဆောက်ဂိတ်နေရာကို အစားထိုးဝင်ရောက်ပြီး အင်္ဂလန်အသင်းကြီးရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ရမှာဖြစ်ပါတယ်။ 

လီကာစလေက “ကျနော်ဟာ ကစားသမားတွေနဲ့ရော နိုင်ငံတကာဘောလုံးလောကနဲ့ အလွန်ရင်းနှီးပါတယ်။ FA က နည်းပြသစ်ရှာဖွေရေးလုပ်ငန်း စဉ်ကို ဆက်ပြီးလုပ်ဆောင်နေချိန်မှာ အသင်းကို လမ်းညွှန်ကိုင်တွယ်ရမှာက ကျနော့်အတွက် အဓိပ္ပါယ်ရှိပါတယ်။ ကျနော့်ရဲ့ ရည်မှန်းချက်က နေးရှင်းလိဂ်ပြိုင်ပွဲမှာ တန်းတက်အောင်လုပ်ဆောင်ဖို့ပါ”လို့ ပြောခဲ့တာပါ။ 

အင်္ဂလန်အသင်းကို တွေ့ရစဉ်

အဲဗာတန်အသင်း ကွင်းလယ်လူဟောင်း လီကာစလေဟာ ကစားသမားဘဝက အနားယူပြီးနောက် ကိုဗင်ထရီ၊ဘရန်ဖို့ဒ်၊ ဘာမင်ဂမ်၊အင်္ဂလန်ယူ-၂၀နဲ့ ယူ-၂၁ အသင်းတို့ကို ကိုင်တွယ်ထားခဲ့ပါတယ်။ 

လီကာစလေဟာ အင်္ဂလန် ယူ-၂၁ အသင်းကို ၂၀၂၃ ခုနှစ်က ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့သူပါ။ 

လီကာစလေဟာ အင်္ဂလန်အသင်းအမြဲတမ်းနည်းပြ ရာထူးအတွက်လည်း FA ရဲ့ နည်းပြလောင်းစာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ 

ဝီလ်ကင်ဆန်၊ စတူးအာ့ပီယာ့စ်နဲ့ ဆောက်ဂိတ်တို့ကလည်း အင်္ဂလန်လူငယ်အသင်းကို ကိုင်တွယ်အပြီးမှာ အသင်းကြီးရဲ့ နည်းပြအဖြစ်ခန့်အပ်ခံခဲ့ရတာပါ။ 

အင်္ဂလန်အသင်းဟာ စက်တင်ဘာလထဲမှာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် အိုင်ယာလန်၊ဖင်လန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source:BBC