CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၀

ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းနဲ့ ကိုပါအမေရိကဖလား ချန်ပီယံ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်မယ့် ၂၀၂၅ Finalissima ပွဲအတွက် ရက်သတ်မှတ်ရခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အာဂျင်တီးနား ဂျာနယ်လစ် ဂတ်စတန်က ၂၀၂၅ Finalissima ပွဲကို ဘောလုံးပြက္ခဒိန်မှာ ထည့်သွင်းဖို့ အဆင်မပြေ ဖြစ်နေတာကြောင့် ဒီပွဲစဉ်ကို ဘယ်အချိန်မှာ ယှဉ်ပြိုင်ကစားမလဲဆိုတာ ဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့ ဖော်ပြ ထားပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ၊ နေးရှင်းလိဂ်ပွဲတွေကြောင့် ပွဲအချိန်ဇယားဟာ များပြားနေတဲ့အတွက် ၂၀၂၅ Finalissima ပွဲကို ပွဲအချိန်ထည့်သွင်းဖို့ အခက်အခဲတွေ ရှိနေတာပါ။ 

ဥရောပချန်ပီယံနဲ့ တောင်အမေရိက ချန်ပီယံတို့ယှဉ်ပြိုင်တဲ့ Finalissima ပွဲကို ၁၉၈၅ နဲ့ ၁၉၉၃ ခုနှစ်တွေမှာ ကျင်းပခဲ့ပြီး နှစ်ပေါင်းများစွာကြာ မကျင်းပခဲ့တာကို ၂၀၂၂ ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၂ ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းက အီတလီအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင် ခဲ့တာပါ။ ၂၀၂၅ မှာ ကျင်းပမယ့် ဒီပွဲအတွက် ယှဉ်ပြိုင်မယ့် အာဂျင်တီးနားအသင်းနဲ့ စပိန်အသင်းတို့ဟာ များပြားတဲ့ ပွဲစဉ်အချိန်ဇယားတွေ ရှိနေပြီးသားဖြစ်ပါတယ်။ 

အာဂျင်တီးနားနဲ့စပိန်အသင်းကို တွေ့ရစဉ်

အာဂျင်တီးနားအသင်းဟာ လာမယ့် စက်တင်ဘာမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး စပိန်အသင်း က နေးရှင်းလိဂ်ပွဲစဉ်တွေ စတင်ယှဉ်ပြိုင်ရမှာဖြစ်သလို နောက်ပိုင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။ 

အဲဒါကြောင့် ဒီ ၂ သင်းအတွက် ပွဲစဉ် အချိန်ဇယားတွေဟာ ပြည့်နေတာ ဖြစ်ပါတယ်။ 

ဒါကြောင့် UEFA နဲ့ CONMEBOL တို့ဟာ Finalissima ပွဲကို ကျင်းပနိုင်ဖို့ဆိုရင် လာမယ့် နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်တဲ့အချိန်မှာ ဒီ ၂ သင်းကို အပိုတစ်ပွဲ ကစားနိုင်ဖို့ ကြိုးစားရတော့မှာပါ။ 

Finalissima ပွဲ ကျင်းပပြီးတဲ့ ၃ ကြိမ်မှာ အာဂျင်တီးနားက ချန်ပီယံဆုကို ၂ ကြိမ်ရယူထားပြီး ပြင်သစ်အသင်းက ၁ ကြိမ် ရယူထားတာ ဖြစ်ပါတယ်။ 

Source: Goal